တရုတ်တောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုနှင့် ရွှံ့နွံပြိုကျမှုများ ဖြစ်ပေါ်

တရုတ်တောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုနှင့် ရွှံ့နွံပြိုကျမှုများ ဖြစ်ပေါ်
By Mr John

တရုတ်နိုင်ငံတောင်ပိုင်း နေရာဒေသများတစ်လျှောက် ပြင်းထန်သည့် မုန်တိုင်းများ တိုက်ခတ်မှုကြောင့် မြို့များတွင် ရေကြီးမှုနှင့် ကျေးလက်ဒေသများတွင် ရွှံ့နွံပြိုကျမှုများ ဖြစ်ပေါ်နေပြီး နွေရာသီကာလ မိုးရွာသွန်းမှုများ အသည်းထန်ဆုံးအခြေအနေဟု ဆိုသည်။ 

ရေကြီးမှုအတွင်း တရုတ်အနောက်တောင်ပိုင်း Guizhou ပြည်နယ်ရှိ အနည်းဆုံး ကောင်တီနှစ်ခုတွင် ဇွန်လ (၁၈) ရက်နေ့က လမ်းမများမှာ မြစ်များအသွင် ဖြစ်သွားခဲ့ပြီး တစ်ထပ်အိမ်များ ရေနှင့်မျောပါသွားမှုတို့ ဖြစ်ပေါ်ခဲ့ကြောင်း ဆိုရှယ်မီဒီယာ၌ ပျံ့နှံ့နေသည့် ဗီဒီယိုများတွင် တွေ့ရသည်။

မိုးရွာသွန်းမှုမှာ နေရာဒေသအချို့တွင် နှစ်ပေါင်း (၆၀) အတွင်း အသည်းထန်ဆုံးဖြစ်ခဲ့သည်။ 

Guizhou ပြည်နယ်နှင့်ကပ်လျက် Guangxi ကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်မြေတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် သစ်သားအိမ်တစ်လုံး ပြိုကျခဲ့ရာ ရွာသား (၅) ဦး သေဆုံးခဲ့ကြောင်း တရုတ်အစိုးရသတင်းဌာနက ဇွန်လ (၁၈) ရက်တွင် ဖော်ပြထားသည်။

 

ရွှံ့နွံပြိုကျမှုများနှင့် လမ်းပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရသည်။

Guizhou ၊ Jiangxi ၊ Anhui နှင့် Zhejiang ပြည်နယ်များ၊ Guangxi ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေတို့တွင် လာမည့် သီတင်းပတ်အထိ မိုးသည်းထန်စွာရွာသွန်းမှုများ ဆက်လက် ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း တရုတ်မိုးလေဝသဌာနက ဇွန်လ (၁၉) ရက်တွင် ခန့်မှန်းချက်ထုတ်ပြန်ထားသည်။ 

တရုတ်တောင်ပိုင်းတွင် ဇွန်လအစောပိုင်း၌ ကျင်းပလေ့ရှိသည့် Dragon Boat Festival လှေပြိုင်ပွဲ မတိုင်မီနှင့် ထိုပြိုင်ပွဲနောက်ပိုင်း ယခုကဲ့သို့ မိုးလေဝသအခြေအနေများ ဖြစ်ပေါ်တတ်ကြောင်း သိရသည်။

ယခုနှစ်တွင် နွေရာသီအစောပိုင်းကာလ မုန်တိုင်းများမှာ ပုံမှန်ထက် ပိုမိုအားကောင်းပြီး မုန်တိုင်းရက်လည်း ပိုရှည်ကြာနေခဲ့ရာ Guangxi ၊ Guangdong နှင့် Fujian တို့တွင် ၁၉၆၁ ခုနှစ်နောက်ပိုင်း မိုးရေချိန် အမြင့်ဆုံးဖြစ်ခဲ့သည်ဟု ဒေသတွင်း မိုးလေဝသဌာနက ပြောသည်။ 

မိုးလေဝသ ထူးခြားဖြစ်စဥ်အဖြစ် တရုတ်နိုင်ငံတောင်ပိုင်းရှိ Guangzhou မြို့တွင်လည်း ယခုသီတင်းပတ်အတွင်း စံချိန်တင် မိုးရွာသွန်းမှု၊ အပူလှိုင်းကျရောက်မှုနှင့် လေဆင်နှာမောင်းတိုက်ခတ်မှုတို့ ရှားရှားပါးပါး ပေါင်းဆုံဖြစ်ပေါ်ခဲ့ရာ လူဦးရေသန်းနှင့်ချီ ‌ရွှေ့ပြောင်းကြရပြီး အဆောက်အုံများ ပျက်စီးကာ လယ်ယာမြေများ ရေလွှမ်းမိုးခဲ့သည်။

တရုတ်တောင်ပိုင်းတွင် ဇွန်လ (၂၁) ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းမှု ဖြစ်ပေါ်နိုင်ကြောင်း အစိုးရသတင်းဌာနက ဇွန်လ (၁၇) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီး နောက်ထပ် မုန်တိုင်းများနှင့် ရေကြီးမှုများ ဖြစ်ပေါ်လာမည်ဟု သတိပေးထားသည်။ 

တရုတ်နိုင်ငံမှာ ရေကြီးမှုများ၊ မြေပြိုမှုများနှင့် လယ်ယာမြေအများအပြား ရေလွှမ်းမိုးမှုများ သမိုင်းကြောင်းတစ်လျှောက် ကြုံတွေ့နေခဲ့သည်။ သစ်တောပြုန်းတီးခြင်း၊ စိမ့်မြေများတွင် ထွန်ယက်စိုက်ပျိုးခြင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်နှင့် ရေသွင်းစိုက်ပျိုးရန် ရေလှောင်တမံများ တည်ဆောက်သိုလှောင်ခြင်းတို့ကြော‌င့် မကြာသေးမီ အချိန်ကာလများအတွင်း တရုတ်တွင် ထူးကဲပြင်းထန်သည့် မိုးလေဝသဖြစ်စဥ်များ ပို၍ပင် ဖြစ်ပေါ်လာခဲ့သည်။

Source: Reuters