လေလံဆွဲဝယ်ယူခဲ့သည့် ခရီးဆောင်အိတ်အတွင်း လူအရိုးစုအကြွင်းအကျန်များ ပါရှိ

Photo: DAVID WHITE/STUFF
Photo: DAVID WHITE/STUFF
လေလံဆွဲဝယ်ယူခဲ့သည့် ခရီးဆောင်အိတ်အတွင်း လူအရိုးစုအကြွင်းအကျန်များ ပါရှိ
သြဂုတ် 17, 2022 | နိုင်ငံတကာသတင်း
By Mr John

နယူးဇီလန်နိုင်ငံတွင် ဂိုထောင်တစ်ခု၌  ပြုလုပ်ခဲ့သည့် လေလံပွဲမှ မိသားစုတစ်စုက ဝယ်ယူလာခဲ့သော ခရီးဆောင်အိတ်များအတွင်း လူအရိုးစု အကြွင်းအကျန်များ တွေ့ရှိရမှုကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ 

South Auckland တွင် နေထိုင်ကြသည့် မိသားစုက လေလံပွဲမှ ဝယ်ယူလာခဲ့သည့် ပစ္စည်းများကို ဖွင့်ဖောက်စစ်ဆေးကြရာမှ လူသေကောင်း အရိုးစုအကြွင်းအကျန်များကို တွေ့ခဲ့ကြရခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့က လူသတ်မှုအဖြစ် အမှုဖွင့် စုံစမ်းစစ်ဆေးနေပြီး အရိုးစုအကြွးအကျန်များမှာ မည်သူဖြစ်ကြောင်း ဖော်ထုတ်သိရှိနိုင်ရန် ကြိုးပမ်းနေကြသည်။ 

ခရီးဆောင်အိတ်များကို လေလံဆွဲဝယ်ယူခဲ့သည့် မိသားစုမှာ အမှုနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ယူဆထားသည်။ 

ထိုမိသားစုက လေလံတင်ရောင်းချသည့် ဂိုထောင်သို့ သွားရောက်ခဲ့ကြပြီး ခရီးဆောင်အိတ်များ အပါအဝင် ပစ္စည်းအများအပြားကို ဩဂုတ်လ (၁၁) ရက်နေ့က ဝယ်ယူခဲ့ကြသည်ဟု ဆိုသည်။

လေလံဆွဲဝယ်ယူလာသည့် ပစ္စည်းများကို နေအိမ်သို့ ပြန်သယ်လာခဲ့ပြီး စစ်ဆေးကြည့်ရှုရာမှ လူအရိုးစုအကြွင်းအကျန်များကို တွေ့ခဲ့ရခြင်းဖြစ်ကြောင်း စုံထောက် Tofilau Faamanuia Vaaelua က ပြောသည်။ 

အိမ်နီးချင်းများကလည်း ရဲတပ်ဖွဲ့ ရောက်မလာမီ ထိုမိသားစု၏ နေအိမ်မှ အနံ့ဆိုးထွက်နေခဲ့ကြောင်း ပြောကြသည်ဟု Stuff သတင်းက ဖော်ပြသည်။

မီးသင်္ဂြုဟ်စက်တွင် အလုပ်လုပ်ခဲ့ဖူးသည့် အိမ်နီးချင်းတစ်ဦးကမူ ထိုအနံ့ကို ချက်ချင်း မှတ်မိသိရှိခဲ့သည်ဟု ဆိုသည်။ 

"ကျွန်တော် တန်းသိတယ်ဗျာ။ ဒီအနံ့က ဘယ်ကလာသလဲဆိုတာ" ဟု ၎င်းက ပြောသည်။ 

ရဲတပ်ဖွဲ့ အရာရှိများက ၎င်းတို့၏ ဦးစားပေးအလုပ်မှာ အရိုးစုအကြွင်းအကျန်က မည်သူဖြစ်ကြောင်း ဖော်ထုတ်သိရှိရန်ဖြစ်ပြီး ထိုသို့ သိရှိမှသာ ဆက်လက် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နိုင်မည်ဟု ဆိုသည်။

#TachileikNewsAgency