တရုတ်နိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်မှု၊ အပူလှိုင်းကျရောက်မှု နှင့် လေဆင်နှာမောင်းတိုက်ခတ်မှုတို့ ရှားပါးစွာ ပေါင်းဆုံဖြစ်ပေါ်ခဲ့

Photo: STR/AFP via Getty Images,
Photo: STR/AFP via Getty Images,
တရုတ်နိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်မှု၊ အပူလှိုင်းကျရောက်မှု နှင့် လေဆင်နှာမောင်းတိုက်ခတ်မှုတို့ ရှားပါးစွာ ပေါင်းဆုံဖြစ်ပေါ်ခဲ့
By Mr John

တရုတ်နိုင်ငံတောင်ပိုင်းရှိ Guangzhou မြို့တွင် ယခုသီတင်းပတ်အတွင်း စံချိန်တင် မိုးရွာသွန်းမှု၊ အပူလှိုင်းကျရောက်မှုနှင့် လေဆင်နှာမောင်းတိုက်ခတ်မှုတို့ ရှားရှားပါးပါး ပေါင်းဆုံဖြစ်ပေါ်ခဲ့ရာ လူဦးရေသန်းနှင့်ချီ ‌ရွှေ့ပြောင်းကြရပြီး အဆောက်အုံများ ပျက်စီးကာ လယ်ယာမြေများ ရေလွှမ်းမိုးခဲ့သည်။ 

တရုတ်တောင်ပိုင်းတွင် ဇွန်လ (၂၁) ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းမှု ဖြစ်ပေါ်နိုင်ကြောင်း အစိုးရသတင်းဌာနက ဇွန်လ (၁၇) ရက်နေ့တွင် သတင်းထုတ်ပြန်ထားပြီး နောက်ထပ် မုန်တိုင်းများနှင့် ရေကြီးမှုများ ဖြစ်ပေါ်လာမည်ဟု ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနေသည့် ဒေသများတွင် ချက်ချင်း ရေပြန်မကျသွားနိုင်သေးဟု ဆိုသည်။ 

တရုတ်တောင်ပိုင်းရှိ ပြည်နယ်နှင့် နယ်မြေ အနည်းဆုံး (၇) တွင် လာမည့် (၂၄) နာရီအတွင်း ပြင်းထန်သည့်မုန်တိုင်းများနှင့် ရေကြီးမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ဇွန်လ (၁၇) ရက်နေ့က သတိထားသည်။ 

တရုတ်အာဏပိုင်တွေက ထူးကဲပြင်းထန်သည့် မိုးလေဝသဖြစ်စဥ်များ အစောဆုံးအနေဖြင့် မိုးရာသီ ဧပြီလတွင် ဖြစ်ပေါ်နိုင်ကြောင်း သတိပေးချက်များ ထုတ်ပြန်ထားခဲ့သည်။ 

တရုတ်နိုင်ငံမှာ ရေကြီးမှုများ၊ မြေပြိုမှုများနှင့် လယ်ယာမြေအများအပြား ရေလွှမ်းမိုးမှုများ သမိုင်းကြောင်းတစ်လျှောက် ကြုံတွေ့နေခဲ့သည်။ 

သစ်တော ပြုန်းတီးခြင်း၊ စိမ့်မြေများတွင် ထွန်ယက်စိုက်ပျိုးခြင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်နှင့် ရေသွင်းစိုက်ပျိုးရန် ရေလှောင်တမံများ တည်ဆောက်သိုလှောင်ခြင်းတို့ကြော‌င့် မကြာသေးမီ အချိန်ကာလများအတွင်း တရုတ်တွင် ထူးကဲပြင်းထန်သည့် မိုးလေဝသဖြစ်စဥ်များ ပို၍ပင် ဖြစ်ပေါ်လာခဲ့သည်။

ရာသီဥတုပြောင်းလဲမှုကြောင့်လည်း ထူးကဲပြင်းထန်သည့် မိုးလေဝသဖြစ်စဥ်များ ဖြစ်ပေါ်လာကြောင်း တရုတ်နိုင်ငံက ပြောထားသည်။ 

လေကြောင်းလိုင်းများအနေဖြင့် ပြင်းထန်သည့် မိုးလေဝသအခြေအနေကို သတိပြုကြရန် လေကြောင်းပျံသန်းရေးအာဏာပိုင်အဖွဲ့က ဇွန်လ (၁၇) ရက်တွင် သတိပေးခဲ့သည်။ 

"တရုတ်နိုင်ငံရဲ့ မိုးလေဝသအခြေအနေတွေက ဒီနွေရာသီမှာ အဆင်မပြေမယ့်အလားအလာရှိတယ်" ဟု လေကြောင်းပျံသန်းရေးအာဏာပိုင်အဖွဲ့မှ အရာရှိတစ်ဦးက ဇွန်လ (၁၇) ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

ဇွန်လ (၁၆) ရက် နှောင်းပိုင်းက တရုတ်နိုင်ငံတောင်ပိုင်း Guangdong ပြည်နယ် Guangzhou မြို့တွင် မိုးသည်းထန်စွာရွာသွန်းနေစဥ် မြို့၏နေရာများတစ်လျှောက် လေဆင်နှာမောင်း ဖြတ်သန်းတိုက်ခတ်သွားခဲ့ရာ လူ (၅,၄၀၀) ကျော် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံခဲ့ကြရသည်။ 

ထိုအတောအတွင်းမှာပင် ပုလဲမြစ်ဝှမ်း (Pearl River Basin) တွင် လှိုင်းများမြင့်တက်မှုနှင့်အတူ Guangzhou မြို့တွင် မြစ်များ စိုးရိမ်ရေမှတ်ရောက်ရှိခဲ့ရာ ဗဟိုအစိုးရက ရေဘေးတားဆီးကာကွယ်ရေး ဝန်ထမ်းများ စေလွှတ်ခဲ့ရသည်။

တရုတ်အလယ်ပိုင်းနှင့် မြောက်ပိုင်းတွင်မူ လာမည့် သီတင်းပတ်အထိ အပူချိန်များ ပုံမှန်ထက် မြင့်တက်နေပြီး (၄၀) ဒီဂရီဆဲလ်စီးယပ်ကို ကျော်လွန်နိုင်ကြောင်း ခန့်မှန်းထားကြောင်းသည်။ 

ပုံမှန်မဟုတ်ဘဲ ပူနွေးသည့် မိုးလေဝသအခြေအနေကို Henan ပြည်နယ် Zhengzhou မြို့တွင် ကြုံတွေ့နေရသည်။ ထိုမြို့တွင် ပြီးခဲ့သည့် နွေရာသီကာလအတွင်း စံချိန်တင် မိုးရွာသွန်းပြီး ရေကြီးမှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Source: Reuters