ရှန်ဟိုင်းတွင် COVID-19 ကြောင့် သေဆုံးမှုများရှိနေပြီဖြစ်ကြောင်း ပထမဆုံးအကြိမ် တရားဝင် ထုတ်ပြန်

ရှန်ဟိုင်းတွင် COVID-19 ကြောင့် သေဆုံးမှုများရှိနေပြီဖြစ်ကြောင်း ပထမဆုံးအကြိမ် တရားဝင် ထုတ်ပြန်
By Mr John

 တရုတ်စီးပွားရေးမြို့တော် ရှန်ဟိုင်းမြို့တွင် COVID-19 ကြောင့် လူ(၃)ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ဧပြီ (၁၈) ရက်နေ့တွင် တရားဝင် ထုတ်ပြန်ခဲ့သည်။ 



COVID-19 မျိုးကွဲဗိုင်းရပ်စ် အိုမီခရွန် ကူးစက်မှုများ မြင့်တက်နေတာကြောင့် မတ်လနှောင်းပိုင်းတွင် ရှန်ဟိုင်းမြို့ကို lockdown စတင်သတ်မှတ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် သေဆုံးမှုသတင်း တရားဝင်ထုတ်ပြန်မှုလည်း ဖြစ်လာသည်။



သေဆုံးခဲ့သူ (၃)ဦးမှာ ကာကွယ်ဆေးထိုးမထားသည့် (၈၉) နှစ်နှင့် (၉၁) နှစ်ကြား အသက်အရွယ်ရှိသူများဖြစ်ကြောင်း ရှန်ဟိုင်းမြို့ ကျန်းမာရေးကော်မရှင်က ထုတ်ပြန်ချက်တွင် ပြောထားသည်။

ရှန်ဟိုင်းမြို့တွင် အသက် (၆၀) နှစ်အထက် လူဦးရေ၏ (၃၀) ရာခိုင်နှုန်းကသာ COVID-19 ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားပြီးဖြစ်ကြောင်းလည်း တာဝန်ရှိသူတွေက ဆိုသည်။

ယခုအခါ ရှန်ဟိုင်းတွင် လူအမြောက်အများကို နောက်တစ်ကြိမ် COVID-19 စစ်ဆေးမှုများ ပြုလုပ်သွားရန် စီစဥ်ထားသည်။



ထိုသို့ စစ်ဆေးမှုများ ပြုလုပ်ရန်စီစဥ်ထားတာကြောင့် ရှန်ဟိုင်းမြို့ခံ အများစုအနေဖြင့် စတုတ္ထမြောက် တင်းကျပ်သည့် lockdown သီတင်းပတ်ကို ဆက်လက် ဖြတ်သန်းရမည် ဖြစ်သည်။

ကူးစက်မှုများ သိသာစွာ မြင့်တက်နေသည့် ရှန်ဟိုင်းတွင် ဧပြီ (၁၈) ရက်နေ့ မတိုင်မီအထိ COVID-19 ကြောင့် လူတစ်ဦးမျှ သေဆုံးခဲ့ခြင်းမရှိကြောင်း တရုတ်အာဏာပိုင်တွေက ပြောကြားနေခဲ့မှုအပေါ် မေးခွန်းထုတ်စရာဖြစ်ခဲ့သည်ဟု ဆိုသည်။

ရှန်ဟိုင်းမြို့မှ သေဆုံးမှုများမှာ ၂၀၂၀ ခုနှစ် မတ်လနောက်ပိုင်း COVID-19 နှင့် ဆက်နွယ်သည့် သေဆုံးမှုများအဖြစ် တရုတ်အာဏာပိုင်တွေက ပထမဆုံးအကြိမ် တရားဝင် အသိအမှတ်ပြုမှုလည်း ဖြစ်လာသည်။



ရှန်ဟိုင်းမြို့ ကျန်းမာရေးကော်မရှင်၏ ထုတ်ပြန်ချက်တွင် အသက်ကယ်ရန် အစွမ်းကုန်ကြိုးစားခဲ့သော်လည်း ဧပြီ (၁၇) ရက်နေ့က ဆေးရုံတွင် လူ(၃)ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ထိုသေဆုံးသူ (၃)ဦးမှာ ယခင်ကတည်းက ကျန်းမာရေးပြဿနာရှိသူများဖြစ်သည်ဟုလည်း ကော်မရှင်က ဆိုသည်။ ရှန်ဟိုင်းတွင် နေ့စဥ် ကူးစက်ခံရသူ ၂၀,၀၀၀ ကျော် တွေ့ရှိနေရပြီး အာဏာပိုင်တွေအတွက် ၎င်းတို့ကို သီးခြားခွဲထားရန် ကွာရန်တင်းစင်တာနေရာ မလုံလောက်မှု ရင်ဆိုင်နေရသည်။



အာဏာပိုင်တွေက လူနေတိုက်ခန်း အဆောက်အအုံတွေကို ကွာရန်တင်းစင်တာအဖြစ် ပြောင်းလဲစီစဥ်လာခဲ့ရာ လူအများ ဒေါသထွက်နေကြပြီး အိမ်နီးနားချင်းတွေကလည်း ၎င်းတို့ ကူးစက်ခံရမည့်အန္တရာယ် ပိုများလာမှုအပေါ် စိုးရိမ်ပူပန်နေကြကြောင်း သိရသည်။

လတ်တလော သီတင်းပတ်များအတွင်း ရှန်ဟိုင်းမြို့ရှိ ပြပွဲခန်းမများနှင့် စာသင်ကျောင်းများကို ကွာရန်တင်းစင်တာများအဖြစ် ပြောင်းလဲစီစဥ်ခဲ့ပြီး ယာယီ ကုသရေးဆေးရုံများ တည်ဆောက်ခဲ့သေးသည်။



ရှန်ဟိုင်းမြို့ခံ အများအပြားက lockdown သတ်မှတ်ခြင်းနှင့် စားနပ်ရိက္ခာထောက်ပံ့မှု နည်းပါးခြင်းတို့ကို မကျေနပ်ကြောင်း ဆိုရှယ်မီဒီယာတွေ ပြောဆိုမှုများလည်းရှိနေသည်။

အသွားအလာကန့်သတ်သည့် lockdown ကာလကို တိုးချဲ့သတ်မှတ်မှုကြောင့် ပို့ဆောင်ရေးလုပ်ငန်းများ၊ ကုန်စုံဆိုင်ဝက်ဘ်ဆိုက်များနှင့် အစိုးရ၏ အထောက်အပံ့ ဖြန့်‌ဝေရေးကိုပင် မနိုင်မနင်းဖြစ်လာစေခဲ့ကြောင်း သိရသည်။



Source: BBC, CNN