တရုတ် Sinovac ၏ COVID 19 ကာကွယ်ဆေးမှာ အာနိသင်ထိရောက်မှု (၅၀.၄)သာ ရှိ 

တရုတ် Sinovac ၏ COVID 19 ကာကွယ်ဆေးမှာ အာနိသင်ထိရောက်မှု (၅၀.၄)သာ ရှိ 
ဇန်နဝါရီ 14, 2021 | Covid-19| နိုင်ငံတကာသတင်း

တရုတ် Sinovac ၏ COVID 19 ကာကွယ်ဆေးမှာ အာနိသင်ထိရောက်မှုမှာ (၅၀.၄) ရာခိုင်နှုန်းသာရှိသည်ဟု ဘရာဇီးနိုင်ငံက သုတေသနတွေ့ရှိချက်များ ထွက်လာသော်လည်း ထိုင်းနိုင်ငံက တရုတ်ထံမှ ဝယ်ယူထားသည့် ကာကွယ်ဆေးများ ရောက်ရှိရေးအတွက် ဆက်လက်ဆောင်ရွက်နေသည်ဟု ကျန်းမာရေးတာဝန်ရှိသူများက ဆိုသည်။

တရုတ်နိုင်ငံ Sinovac Biotech မှ COVID 19 ကာကွယ်ဆေး၏ အာနိသင်မှာ FDA က လက်ခံနိုင်သည့် အာနိသင်ထိရောက်မှု ( ၅၀ ) ရာနှုန်းကို (ဝ.၄)ရာခိုင်နှုန်း ကျော်ရုံသာရှိသည်ကို တွေ့ရသည်ဟု သုတေသနရလဒ် ထွက်လာသော်လည်း ထိုင်းနိုင်ငံအနေဖြင့် တရုတ်မှ COVID 19 ကာကွယ်ဆေး ဝယ်ယူမှုအခြေအနေ လတ်တလော အပြောင်းအလဲမရှိနိုင်ကြောင်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့၌ ထုတ်ဖေါ်ပြောကြားလာခြင်းဖြစ်သည်။

လတ်တလောမှာတော့ အပြောင်းအလဲ မရှိနိုင်သေးပါဘူး။  Sinovac ကို အချက်အလက်တွေပေးဖို့ တိုက်ရိုက်တောင်းဆိုထားတဲ့အတွက် အချက်အလက်အားလုံး ပေးမယ့်အချိန်ကို စောင့်နေပါတယ်

ဟု ဆေးသုတေသနဌာန အထွေထွေညွှန်ကြားရေးမှူး Supakit Sirilak က ဘရာဇီးမှ အချက်အလက်များနှင့်ပတ်သက်၍ မေးမြန်းမှုကို ဖြေကြားသည်။

ပြည်တွင်းကူးစက်မှု မြင့်တက်နေသည့် ထိုင်းနိုင်ငံက တရုတ်နိုင်ငံ Sinovac ကုမ္ပဏီမှ ကိုဗစ် ၁၉ ကာကွယ်ဆေး အလုံးရေ (၂) သန်း ဝယ်ယူထားပြီး ပထမအသုတ်အဖြစ် ကာကွယ်ဆေးအလုံးရေ (၂) သိန်းမှာ ဖေဖေါ်ဝါရီလအတွင်း ရောက်လာဖွယ်ရှိပြီး ပထမဆုံးကာကွယ်ဆေးထိုးခြင်းကို ဖေဖေါ်ဝါရီလကုန်တွင် ဆောင်ရွက်နိုင်မည်ဟု မျှော်မှန်းထားခြင်းဖြစ်သည်။

အလားတူ ထိုင်းနိုင်ငံတွင်း Siam Bioscience က AstraZeneca ၏ ကိုဗစ်ကာကွယ်ဆေးကို ပြည်တွင်းသုံးရန်အပြင် ပြည်ပတင်ပို့မှုအတွက်ပါ အလုံး (၆၁) သန်း ထုတ်လုပ်မည်ဖြစ်သည်။

Tachileik News Agency

Source: Bangkok Post

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။