ပြိုင်ဘက်မရှိ သမ္မတရွေးချယ်တင်မြောက်ပွဲတွင် (၃)ကြိမ်မြောက် သမ္မတအဖြစ် ခန့်အပ်ခံရ၍ တရုတ်နိုင်ငံ၏ အာဏာကို  ရှီကျင့်ဖျင်က ဆက်လက် ချုပ်ကိုင်ခွင့်ရ

ပြိုင်ဘက်မရှိ သမ္မတရွေးချယ်တင်မြောက်ပွဲတွင် (၃)ကြိမ်မြောက် သမ္မတအဖြစ် ခန့်အပ်ခံရ၍ တရုတ်နိုင်ငံ၏ အာဏာကို  ရှီကျင့်ဖျင်က ဆက်လက် ချုပ်ကိုင်ခွင့်ရ
By Mr John

 

 မတ်လ (၁၀) ရက်နေ့တွင် ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံ၏ လွှတ်တော်အစည်းအ‌ဝေးတွင် ရှီကျင့်ဖျင်ကို သမ္မတအဖြစ် တရားဝင် အတည်ပြုခန့်အပ်လိုက်ရာ (၅) နှစ်ကြာ သမ္မတသက်တမ်းကို (၃) ကြိမ်မြောက် တာဝန်ယူခွင့်ရသူ ဖြစ်လာခဲ့သည်။ 

တရုတ်နိုင်ငံတွင် ယခင်က သမ္မတသက်တမ်းကို (၂) ကြိမ်သာ တာဝန်ယူခွင့်ရှိခဲ့ခြင်းဖြစ်ပြီး ရှီကျင့်ဖျင်က ထိုသတ်မှတ်ချက်ကို ပယ်ဖျက်ခဲ့ပြီးနောက် သမ္မတသက်တမ်းကို ဆက်လက်ရယူကာ အာဏာချုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

ရှီကျင့်ဖျင်မှာ ၁၉၇၆ ခုနှစ်တွင် ကွယ်လွန်ခဲ့သည့် သမ္မတမော်စီတုန်း နောက်ပိုင်း တရုတ်နိုင်ငံ ဩဇာအရှိဆုံးခေါင်းဆောင် ဖြစ်လာခဲ့သည်။ 

ဘေဂျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး (Great Hall of the People) တွင် ကျင်းပသည့် အဖွဲ့ဝင် (၃,၀၀၀) နီးပါး တက်ရောက်ကြသော တရုတ်နိုင်ငံ၏ လွှတ်တော် (တရုတ်ပြည်သူ့ကွန်ဂရက် - National People's Congress NPC) က အသက် (၆၉) နှစ်အရွယ် ရှီကျင့်ဖျင်ကို သမ္မတအဖြစ် တညီတညွတ်တည်း ထောက်ခံမဲပေးခဲ့ကြသည်။

တရုတ်ပြည်သူ့ကွန်ဂရက်က ရှီကျင့်ဖျင်အပြင် အခြား သမ္မတလောင်း အဆိုတင်သွင်းမှု မရှိခဲ့သည့် ရွေးချယ်တင်မြောက်ပွဲတွင် ၎င်းကို သမ္မတအဖြစ် အတည်ပြုခန့်အပ်လိုက်ခြင်းလည်း ဖြစ်သည်။ 

ရှီကျင့်ဖျင်ကို သမ္မတအဖြစ် အတည်ပြုရန် တရုတ်ပြည်သူ့ကွန်ဂရက် အဖွဲ့ဝင်များ မဲပေးမှုမှာ (၁) နာရီခန့် ကြာခဲ့ပြီး အီလက်ထရောနစ်စနစ်ဖြင့် မဲရေတွက်မှုမှာ (၁၅) မိနစ်ခန့်အတွင်း ပြီးစီးခဲ့သည်။

၂၀၂၃ခုနှစ် မတ်လ (၁၃) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည့် တရုတ်ပြည်သူ့ကွန်ဂရက်တွင် အစိုးရအဖွဲ့ ထိပ်တန်းအရာရှိသစ်များကိုလည်း ရွေးချယ်ပြီး အတည်ပြု ထောက်ခံပေးသွားမည်ဟု သိရသည်။

 တရုတ်ပြည်သူ့ကွန်ဂရက်မှာ အချေအတင် ဆွေးနွေးမှုပုံစံမျိုး မဟုတ်ဘဲ တက်ရောက်လာကြသည့် လွှတ်တော်အမတ်များ သို့မဟုတ် ကွန်ဂရက်အဖွဲ့ဝင်များက ဥပဒေမူကြမ်းများနှင့် အဆိုပြုချက်များကို အတည်ပြု ထောက်ခံမဲပေးရုံသာ ဖြစ်သည်။

Source: Reuters