တာချီလိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား (၁၂)သန်းကျော်၏ အရှုပ်တော်ပုံသည် ရဲများကို စစ်ကြောနေခြင်းမှာ စစ်တပ်က ကိုယ့်အလုပ် ကိုမလုပ်သလို ဆက်ကြေး ခွဲတမ်းမရ၍ လုပ်ဆောင်နေသည်ဟု ရဲအသိုင်းအဝိုင်းက ဝေဖန်

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး နှင့် လက်နက်များ
ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး နှင့် လက်နက်များ
တာချီလိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား (၁၂)သန်းကျော်၏ အရှုပ်တော်ပုံသည် ရဲများကို စစ်ကြောနေခြင်းမှာ စစ်တပ်က ကိုယ့်အလုပ် ကိုမလုပ်သလို ဆက်ကြေး ခွဲတမ်းမရ၍ လုပ်ဆောင်နေသည်ဟု ရဲအသိုင်းအဝိုင်းက ဝေဖန်

 တာချီလိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား (၁၂)သန်းကျော်၏ အရှုပ်တော်ပုံသည် ရဲတပ်ဖွဲ့တစ်ခုတည်းကိုသာ အဓိက ဦးတည်ပြီး ဖိနှိပ်နေခြင်းမှာ စစ်တပ်က ဆက်ကြေးခွဲတမ်းမရ၍ လုပ်ဆောင်နေခြင်းဖြစ်ပြီး ကိုယ့်အလုပ်ကို မလုပ်ဘဲ ရဲတပ်ဖွဲ့၏ အလုပ်ကို ဝင်စွတ်ဖက်ကာ အနိုင်ကျင့်နေခြင်းသာ ဖြစ်သည်ဟု ရဲအသိုင်းအဝိုင်းက ပြောဆိုနေကြသည်။

"တာချီလိတ်မှာ စစ်တပ်လို့ပြောရရင် စရဖ နဲ့ ဗျူဟာက အဓိကပဲ သူတို့က ခွဲတမ်းမပေးလို့၊ မရလို့ ကြုံတုန်း ဖိနှိပ်တာလို့ပဲ မြင်တယ်။ အခုက မူးယစ်ဆေးဝါးတွေ မိတယ်၊ လက်နက်တွေမိတယ် အဲ့ဒါမှန်တယ်။ ဒါတွေကို ရဲက ကိုင်တွယ်စစ်ဆေးရမှာ ဖြစ်တယ်။ ဒီလိုကိစ္စတွေအပေါ် လာဘ်စားမှုတွေရှိတယ်ဆိုရင် ရဲတပ်ဖွဲ့မှာ အထက်ဌာနအဆင့်ဆင့်ရှိတယ်။ သူတို့က ကိုင်တွယ်လို့ရတယ်။ စစ်တပ်က ခေါ်ထားပြီး စစ်ကြောနေတာက ဒါဟာ ကိုယ့်အလုပ်ကို မလုပ်ဘဲ ဝင်ရောက် စွတ်ဖက်တယ်လို့ ခေါ်တယ်။  စစ်တပ်မှာ စစ်စည်းကမ်းရှိသလို။ ရဲမှာလည်း ရဲစည်းကမ်းရှိပါတယ်။ စစ်တပ်တောင် သူ့တပ်ဖွဲ့ဝင် တစ်ဦးဦး တခုခု ကျူးလွန်ရင် သူတို့ဘာသာပဲ စစ်ဥပဒေနဲ့လုပ်တာပဲ မဟုတ်လား၊ ရဲလည်း သူ့စည်းနဲ့သူရှိပြီးသားပါ"ဟု တာချီလိတ်မြို့တွင် တာဝန်ထမ်းဆောင်ဖူးခဲ့သည့် ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးက သုံးသပ်ပြောဆိုသည်။

တာချီလိတ်မြို့တွင် ၂၀၂၂ခုနှစ် ဧပြီလ(၂၄)ရက်နေ့ နံနက်ပိုင်းက   ရဲတပ်ဖွဲ့ဝင်ဟောင်း ဖေသက်ဟန် အပါအဝင် အမျိုးသား(၁၀)ဦးအား ဖမ်းဆီးချိန်တွင် နေအိမ်အတွင်းမှ M16 သေနတ်နှင့် ပစ္စတို အပါအဝင် ကျည်ဆံအချို့၊ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၁၂)သန်းခွဲကျော်ကိုပါ သိမ်းဆည်းရမိခြင်းနှင့် ပတ်သက်ပြီး တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး နှင့် ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်အချို့တို့ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်ထားပြီး စစ်ဆေးနေခြင်း ဖြစ်သည်။

"စစ်တပ်က ရဲကို မယုံဘူး။ နောက်ပိုင်းမှာ စစ်တပ်က ရဲကို မျက်နှာသာပေးတာနည်းတယ်။ တာချီလိတ်အနေနဲ့ဆိုရင်တော့ စစ်တပ် နဲ့ စရဖ က ဂိုဏ်းအကြီးကြီးတွေနဲ့ မကင်းဘူး။ သူတို့နဲ့ မကင်းတဲ့လူတွေနားက လက်နက်တွေ မူးယစ်ဆေးတွေနဲ့ ဖမ်းမိတာမျိုးရှိတဲ့အခါ အထက်ကို ကြေးနန်း မတင်ဖို့။ လွှတ်ပေးဖို့တွေ ဖိအားပေးတာတွေ ရှိခဲ့ဖူးတယ်။ သူတို့နားမှာ ကပ်နေတဲ့ လူတွေက ရာဇာတွေများတယ်လေ။ နောက်ပြီး ပြည်သူ့စစ်ခေါင်းဆောင်တွေလည်း ပါဝင်တယ်။ ဒါက သူတို့လူတွေပဲ။ တလောကဆိုရင် ရိုးရိုးပွဲတစ်ပွဲမှာ ပြည်သူ့စစ်တစ်ဦးက အရပ်ဝတ်နဲ့ ခါးကြားမှာ သေနတ်ထိုးထားပြီး ဗျူဟာမှူးနဲ့ အတူတွဲပြီး ပုံရိုက်တာတောင် တွေ့သေးတယ်။ အဓိက ပြောချင်တာကတော့ စစ်တပ်နဲ့ပတ်သက်သူတွေရဲ့ ကိစ္စဆိုရင် ဘာဖြစ်နေနေ ဘာအသံမှ မထွက်ဘူး။ မဟုတ်တာလုပ်လည်း ဘေးကင်းကြတယ်"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသည့် ဖေသက်ဟန် နှင့် ပတ်သက်ပြီး စစ်ဆေးချက်များနှင့်အတူ ဖုန်းအတွင်း အချက်အလက်များ တွေ့ရှိမှုများအရဟုဆိုကာ ဆက်ကြေးရယူသူဟု သတ်မှတ်ထားသူများတွင် ခရိုင်ရဲတပ်ဖွဲ့မှူး အပါအဝင် ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များ နှင့် မူးယစ်ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်အချို့ စုစုပေါင်း အနည်းဆုံး (၁၅)ဦးအထက်ရှိနိုင်ပြီး ၎င်းတို့သည် အပြောင်းအရွှေ့ သို့မဟုတ် အရေးယူခံရနိုင်သည့် အခြေအနေများ ရှိနေသည်ဟု သိရသည်။

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးကို စစ်တပ်က စစ်ဆေးနေ၍ ၎င်းအစား  မိုင်းဆတ်ခရိုင်ရဲတပ်ဖွဲ့မှူးက လာရောက်ပြီး ဧပြီလ(၂၇)ရက်နေ့က စတင်ကာ တာဝန်များကို ယာယီရယူထမ်းဆောင်နေသည်။

အလားတူ တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်ဝန်းကျင်ကစပြီး တာချီလိတ်ခရိုင်/မြို့နယ်တို့၏ ရဲတပ်ဖွဲ့မှူးများအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် လက်ရှိတွင် နေပြည်တော်သို့ ပြောင်းရွှေ့တာဝန်ကျနေသည့် ဒုတိယရဲမှူးကြီး ရဲနိုင်အောင်နှင့် ရဲမှူး ညီညီဌေးတို့လည်း နေပြည်တော်တွင် စစ်ဆေးခံရသည်။

''တာချီလိတ်မှာတော့ ဒေသခံတွေ လုပ်ငန်းရှင်တွေ ဒုစရိုက်သမားတွေနဲ့ ထိတွေ့များတဲ့ တပ်ဖွဲ့တွေ ဌာနတွေတော်တော်များများက အဂတိနဲ့မကင်းဘူး အာဏာသိမ်းတဲ့ကာလတုန်းကလည်း စရဖ နဲ့ ရဲ အကုန်လျှောက်ဖမ်းလိုက်တာ တစ်ချို့ဆို ထောင်မကျအောင်ဆိုပြီး ကျပ်သိန်း(၃၀)ပေးလိုက်ရတယ်၊ ပေးလိုက်ပေမဲ့ မလွတ်ပေးဘူး ထောင်ကျသွားတာပဲ။  အဲ့လိုပဲ ၅၀၅-က ခေတ်စားချိန်က ဖမ်းခံရသူ တော်တော်များများ ငွေကုန်ခဲ့ကြတယ်၊ ငွေယူပြီး သက်သာခွင့်မရခဲ့ကြဘူး။ အဲ့တော့ လိုင်းကြေးတွေ ဆတ်ကြေးတွေ ယူလို့ဆိုပြီး ခုမှ ဘာထဖြစ်နေလဲမသိဘူး။ တာချီလိတ်မှာ လောင်းကစားတွေကနေ လိုင်းကြေး ဆတ်ကြေး ယူနေတာ အဖွဲ့(၁၃)ဖွဲ့တောင်ရှိတယ်။ ဒါကြတော့ ဘာလို့ ငြိမ်နေကြလဲ ဆိုတာ စဉ်းစားမရဘူး"ဟု တာချီလိတ်မြို့၏ မြို့မိမြို့ဖ တစ်ဦးက ဆိုသည်။



 

စိတ်ကြွရူးသွပ်ဆေးပြား (၁၂)သန်းကျော် ဖမ်းဆီးရရှိသည့် ဖြစ်စဉ်မှာ  ရဲတပ်ဖွဲ့ဝင်ဟောင်း ဖေသက်ဟန် အဖွဲ့သည် အာဏာသိမ်း စစ်ကောင်စီတပ်ဖြစ်သည့် အမှတ်(၃၃၁)ခြေမြန်တပ်ရင်း၏ ဝင်ပေါက်အနီးရှိ ဟုန်ပန်းကွင်းဟု လူသိများသည့် "ဝ"အဖွဲ့၏ ပိုင်နက်အတွင်းဖွင့်လှစ်ထားသည့် 𝗛𝗮𝗿𝗿𝘆 𝗣𝗼𝘁𝘁𝗲𝗿 𝗞𝗧𝗩 တွင်  ပြဿနာဖြစ်ပွားရာမှ    "ဝ"အဖွဲ့၏ တိုင်တန်းမှုကြောင့် ၎င်း၏ နေအိမ်အား  သွားရောက်ကာ စစ်ဆေးရာမှ မူးယစ်ဆေးဝါးများကို မထင်မှတ် တွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင် ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ယခင်က မဖြစ်ပွားခဲ့ဖူးသည့်အတွက် စစ်တပ်၏ လုပ်ဆောင်နေမှုကို စောင့်ကြည့်ပြီး   မရိုးသားမှုများစွာ နှင့် နောက်ကွယ်က အကြောင်းအရာများစွာ ရှိနေနိုင်ကြောင်း ဒေသခံများကို ယူဆထားကြသည်။