တာချီလိတ်မြို့ရှိ "ဝ"ပိုင်နက်အတွင်း သေနတ်ပစ်ခတ်မှုကြောင့် တိုင်တန်းခံရသည့် အမျိုးသား(၁၀) ဦးအဖွဲ့ထံမှ  မူးယစ်ဆေးပြား (၁၂)သန်းခွဲကျော် သိမ်းဆည်းရမိ

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး နှင့် လက်နက်များ
ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး နှင့် လက်နက်များ
တာချီလိတ်မြို့ရှိ "ဝ"ပိုင်နက်အတွင်း သေနတ်ပစ်ခတ်မှုကြောင့် တိုင်တန်းခံရသည့် အမျိုးသား(၁၀) ဦးအဖွဲ့ထံမှ  မူးယစ်ဆေးပြား (၁၂)သန်းခွဲကျော် သိမ်းဆည်းရမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ "ဝ"ပိုင် ဟုန်ပန်းကွင်းအတွင်း "ဝ"အဖွဲ့နှင့် ယမန်နေ့ညပိုင်း ပြဿနာဖြစ်ပွားစဉ် သေနတ်ပစ်ခတ်သူအား အရေးယူပေးရန် "ဝ"အဖွဲ့က တိုင်တန်းမှုကြောင့် စစ်ကောင်စီတပ်နှင့်ရဲများက ချက်ချင်းဖမ်းဆီးလိုက်သည့် အမျိုးသား(၁၀)ဦးအဖွဲ့ထံမှ မူးယစ်ဆေးပြား (၁၂)သန်းခွဲနှင့် လက်နက်နှင့်ကျည်အချို့ကို သိမ်းဆည်းရမိသည်ဟု သိရသည်။

 

"ဝ"ပိုင် ဟုန်ပန်းကွင်းမှ 𝗛𝗮𝗿𝗿𝘆 𝗣𝗼𝘁𝘁𝗲𝗿 𝗞𝗧𝗩

ယခုဖမ်းဆီးခံရသည့်အဖွဲ့က  ၂၀၂၂ ခုနှစ် ဧပြီလ (၂၃)ရက်နေ့ ညပိုင်းတွင် ကိုသွားစဉ် စကားများပြီး သေနတ်ပစ်ဖေါက်လိုက်သဖြင့် အဆိုပါကိစ္စအားဖြေရှင်းရန် "ဝ"အဖွဲ့က အာဏာသိမ်းတပ်နှင့်ရဲထံ ဖုန်းဆက်အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"မနက်က စစ်သားတွေရော၊ ရဲတွေရော အင်အားတော်တော်များတယ်။ လမ်းလည်းပိတ်ပြီး ဝင်ဖမ်းတာ တွေ့ရတယ်။ မူးယစ်ဆေးဝါးတွေလည်း မိတယ်လို့ ကြားတယ်။ လမ်းပိတ်ထားတာတွေ့လို့ ရစ်ခံရမှာစိုးလို့ သွားမယ့်လမ်းတောင် ဆက်မသွားတော့ဘဲ လှည့်ပြန်ခဲ့ရတယ်"ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်း အေးချမ်းစေဘုန်းကြီးကျောင်းအနီးရှိ ဖေသက်ဟန်၏နေအိမ်သို့ ၂၀၂၂ခုနှစ် ဧပြီလ(၂၄)ရက်နေ့ နံနက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီ၏ တာချီလိတ်တပ်နယ်မှ အဖွဲ့ နှင့် ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့များ၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ အဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက်ရှာဖွေဖမ်းဆီးကြခြင်းဖြစ်သည်ဟု သိရသည်။

ဖမ်းဆီးခံရသူများမှာ ၂၀၂၀ ခုနှစ်က Covid-19 ကာလအတွင်း ဒေသန္တရအမိန့်ချိုးဖေါက်ပြီး သင်္ကြန်ပါတီပွဲ ကျင်းပမှုဖြင့် ဖမ်းဆီးခံရပြီး ကျပ်(၅၀၀၀)ဒဏ်ရိုက်ခံရသည့်အပြင် ရဲတပ်ဖွဲ့မှ နှုတ်ထွက်လိုက်ရ၍ နာမည်ကြီးခဲ့သူ ဖေသက်ဟန် အပါအဝင် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များဖြစ်သည့် ကျော်စွာဟိန်း၊ ထက်မျိုးလွင်၊ မင်းမင်းခိုင်၊ ရန်ပိုင်အောင်၊ လင်းထက်အောင်၊ အောင်သူအောင်၊ အောင်ကိုကိုဦးတို့ ပါဝင်သည့် မြန်မာ(၈)ဦး အပါအဝင် တရုတ်နိုင်ငံသား ဟေဂျီးယောင်နှင့် ထိုင်းနိုင်ငံသား အိုက်မူတို့ ဖြစ်ကြကြောင်း သိရသည်။

အဆိုပါ (၁၀)ဦးအား ဖမ်းဆီးထားသည့်အပြင် သီးခြား ခေါ်ယူစစ်ဆေးခံထားရသူများလည်းရှိနေသည်ဟု သတင်းရင်းမြစ်များထံက သိရသည်။ 

၎င်းတို့အား ဖမ်းဆီးချိန်တွင် နေအိမ်အတွင်းမှ M16 သေနတ်နှင့် ပစ္စတို အပါအဝင် ကျည်ဆံအချို့အပြင် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၁၂)သန်းခွဲကျော်ကိုပါ သိမ်းဆည်းရမိသည်ဟု သိရသည်။

"တာချီလိတ်က ဖမ်းဆီးရရှိမှုနဲ့ ပတ်သက်ပြီး စိတ်ကြွရူးသွပ်ဆေးပြားရဲ့ တန်ဖိုးကတော့ စုစုပေါင်း ကျပ်သန်းပေါင်း (၅,၀၀၀)ကျော် ဖမ်းမိတယ်လို့ ကျွန်တော်တို့  သိထားရပါတယ်။ အသေးစိတ်ကိုတော့ ပြောပြလို့မရသေးပေမဲ့ လောလောဆယ်တော့ ဖမ်းဆီးထားသူတွေကို  စစ်ဆေးနေပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလောက်ပဲ ပြောလို့ရနိုင်ပါသေးတယ်"ဟု နေပြည်တော်ရှိ မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့(ဗဟို)မှ  𝐓𝐚𝐜𝐡𝐢𝐥𝐞𝐢𝐤 𝐍𝐞𝐰𝐬 𝐀𝐠𝐞𝐧𝐜𝐲 ၏ သတင်းရင်းမြစ်တစ်ဦးဖြစ်သူ အရာရှိတစ်ဦးက ပြောသည်။

စိတ်ကြွရူးသွပ်ဆေးပြား (၁၂)သန်းခွဲအပါအဝင် Ketamine (ကက်တမင်း)နှင့် ecstasy (အက်တစီဆေးပြား) အပါအဝင် မူးယစ်ဆေးဝါးထုပ်ပိုးသည့် စက်(၁)လုံးပါ သိမ်းဆည်းရမိကြောင်း သိရသည်။

လုံခြုံရေးအေဂျင်စီလုပ်ငန်းကို လုပ်ကိုင်နေသည့် ဖေသက်ဟန်၏ လုပ်ဖော်ကိုင်ဖက်အချို့သည် စစ်ကောင်စီတပ်ဖြစ်သည့် အမှတ်(၃၃၁)ခြေမြန်တပ်ရင်း၏ ဝင်ပေါက်အနီး ဟုန်ပန်းကွင်းဟု လူသိများသည့် "ဝ"အဖွဲ့၏ ပိုင်နက်အတွင်းဖွင့်လှစ်ထားသည့် 𝗛𝗮𝗿𝗿𝘆 𝗣𝗼𝘁𝘁𝗲𝗿 𝗞𝗧𝗩 တွင်  တရုတ်နိုင်ငံသားများနှင့် စကားများပြီး သေနတ်ဖြင့် ထုတ်ပစ်ရာမှ ပြဿနာဖြစ်ပွားခဲ့ရာ  "ဝ"ပိုင်နက်အတွင်း သေနတ်လာပစ်သူများကို ဖမ်းဆီးရန် အာဏာသိမ်းစစ်ကောင်စီ တပ် နှင့် ရဲကို ဖုန်းဆက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အဲဒီကွင်းမှာက အထောက်အထားမဲ့တဲ့ တရုတ်တော်တော်များများရှိတယ်။ အဲဒီမှာက "ဝ" တွေ နဲ့ တရုတ်နိုင်ငံသားတွေက သီးခြားကို နေနေကြတာ။  အထောက်အထားမဲ့တဲ့ တရုတ်နိုင်ငံသားတွေ အဲဒီမှာ အများဆုံးပဲ။ အဲဒီကွင်းထဲ ဘာဖြစ်နေလဲ ဘာလုပ်နေလဲ ဆိုတာကိုလည်း ဘယ်သူမှ မသိရဘူး။ သူတို့ထဲကိုလည်း ခုလိုမျိုး ကျူးကျော် ပစ်ခတ်တာမျိုး လုပ်လို့မရဘူး။ ဗျူဟာမှူး မပြောနဲ့ တိုင်းမှူးတောင် မထိန်းနိုင်ဘူး။ သူ့ဟာသူ နေနေကြတာ။ အဲဒီကွင်းထဲ သွားမယ်ဆိုရင် ဘာပြသနာမှ မဖြစ်တာ ပိုကောင်းမယ်"ဟု ဒေသခံတစ်ဦးက ဟုန်ပန်းကွင်းအခြေအနေကို Tachileik News Agency သို့ ပြောပြသည်။

ယခု ဖြစ်စဉ်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့(ဗဟို)အထိ သတင်းပေးပို့သည့် အကြောင်းအရာများတွင် လူ(၁၀)ဦး၊ မူးယစ်ဆေးဝါး၊ လက်နက်နှင့် ကျည်များဖမ်းမိသည်ဟု တင်ပြထားသော်လည်း "ဝ"အဖွဲ့နှင့် ပြဿနာဖြစ်သည့် ကိစ္စရပ်များကို တင်ပြထားခြင်းမရှိဟု အဆိုပါအရာရှိထံက သိရသည်။

တာချီလိတ်မြို့ရှိ ဟုန်ပန်းကွင်းနှင့်ပတ်သက်ပါက ခေတ်အဆက်ဆက် ဒေသအာဏာပိုင်များက ပြဿနာမတက်အောင် လက်ရှောင်ကြသည့်နေရာတစ်ခုလည်း ဖြစ်သည်။

 

ဆက်စပ်သတင်း

တာချီလိတ်မြို့တွင် စိတ်ကြွဆေးပြား (၁၂)သန်းကျော် ဖမ်းမိပြီးနောက် ကြံ့ခိုင်ရေးရုံး အပါအဝင် အချို့နေရာများတွင် စစ်ကောင်စီတပ်က လုံခြုံရေး ချထား