တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်း ဆိုင်ကယ်(၂)စီး ခိုးခံရ၍ တစ်လအတွင်း ခိုးခံရသည့် ဆိုင်ကယ်အစီးရေ (၁၅)စီးကျော်ရှိလာ

တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်း ဆိုင်ကယ်(၂)စီး ခိုးခံရ၍ တစ်လအတွင်း ခိုးခံရသည့် ဆိုင်ကယ်အစီးရေ (၁၅)စီးကျော်ရှိလာ

တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်း အနောက်မြို့ပတ်လမ်းရှိ မင်းအာကာရေဆေးခုံရှေ့ နေအိမ်အခန်းငှားတွင် မတ်လ(၃၀)ရက်နေ့ နံနက်(၄)နာရီဝန်းကျင်အချိန်က ဆိုင်ကယ်(၂)စီး ခိုးခံလိုက်ရကြောင်း သိရသည်။

"မနက်(၄)နာရီလောက်က လူ (၃)ယောက်လာပြီး ခိုးတာ၊ လာခိုးတဲ့လူတွေထဲမှာ အရပ်ရှည်တာလည်း ပါတယ်။ အကုန်လုံးက လူငယ်တွေပဲ။ သူတို့ (၂)စီး တပြိုင်တည်းခိုးတာ။ ဆိုင်ကယ်က (၈)စီးလောက်ရပ်ထားတာဆိုတော့ အဲ့(၂)စီးအပြင် နောက်ထပ်လာသေးတယ်။ လူသံကြားလို့ ပြန်ထွက်ပြေးသွားကြတာ။ "ဟု လိုင်းခန်းအတွင်းနေသူ တစ်ဦးက ပြောပြသည်။

ခိုးခံရသည့် ဆိုင်ကယ်အမျိုးအစားများမှာ Wave 110i နှင့် Wave 110 အပြာရင့်ရောင်ဖြစ်ပြီး လိုင်စင်ရှိ ဆိုင်ကယ်များ ဖြစ်သည့်အပြင် Wave 110i 38W/39040 သည် စက်အမှတ်မှာ JA140E0018721 နှင့် ဘောင်အမှတ်မှာ MLHJA1402E5018721 တို့ဖြစ်ပြီး အဆိုပါ ဆိုင်ကယ်များအား လမ်းတွင် တွေ့ရသည်ဖြစ်စေ လာရောက် ရောင်းချသည်ဖြစ်စေ ဖုန်း ၀၉၄၅၀၄၇၈၀၈၀ နှင့် ၀၉၆၆၅၄၆၇၃၂၄ သို့ ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

ဆိုင်ကယ်ခိုးခံရသည့် နေအိမ်အခန်းငှား၏ အနေအထားမှာ အုတ်တံတိုင်းနှိမ့်ပြီး ကျော်ဝင်လို့ရသည့်အတွက် ကျော်ဝင်လာပြီး တံခါးသော့ကို ဖျက်ကာ ခိုးသွားခြင်း ဖြစ်ကြောင်း သိရသည်။

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် မတ်လအတွင်း၌ ဆိုင်ကယ်ခိုးခံရသည့် အစီးရေ အရေအတွက်မှာ (၁၅)စီးကျော်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။