တာချီလိတ်မြို့တွင် စိတ်ကြွဆေး (၁၂)သန်းကျော် ဖမ်းဆီးရရှိမှုနှင့် ပတ်သက်ပြီး တာချီလိတ်ရဲတပ်ဖွဲ့ အားလုံးနီးပါးကို စစ်တပ်က ဖမ်းဆီး ခေါ်ယူ စစ်ဆေးနေ

တာချီလိတ်မြို့တွင် စိတ်ကြွဆေး (၁၂)သန်းကျော် ဖမ်းဆီးရရှိမှုနှင့် ပတ်သက်ပြီး တာချီလိတ်ရဲတပ်ဖွဲ့ အားလုံးနီးပါးကို စစ်တပ်က ဖမ်းဆီး ခေါ်ယူ စစ်ဆေးနေ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းက စိတ်ကြွဆေးပြား (၁၂)သန်းကျော်နှင့် လက်နက်အချို့ အမှတ်မထင် ဖမ်းမိမှုနှင့်ဆက်စပ်ပြီး အာဏာသိမ်းစစ်တပ်က လက်ရှိ တာချီလိတ်ခရိုင်နှင့် မြို့နယ်အဆင့် ရဲတပ်ဖွဲ့မှူးများ အပါအဝင် ရဲတပ်ဖွဲ့ဝင်များအပြင် နယ်ပြောင်းသွားသည့် ရဲအရာရှိအချို့ကိုပါ ခေါ်ယူစစ်ဆေးနေသည်ဟု သိရသည်။

တာချီလိတ်မြို့ရှိ "၀"ပိုင် ဟုန်ပန်းကွင်းအတွင်း 𝗛𝗮𝗿𝗿𝘆 𝗣𝗼𝘁𝘁𝗲𝗿 𝗞𝗧𝗩 တွင် ဧပြီလ (၂၃)ရက်နေ့ညပိုင်းက အချင်းများမှုနှင့်ဆက်စပ်ပြီး ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးအပါအဝင် (၁၀)ဦးကို နေအိမ်တွင် မူးယစ်ဆေး၊ လက်နက်အချို့နှင့်အတူ ဖမ်းဆီးရမိမှုနှင့်ဆက်စပ်ပြီး လက်ရှိ ရဲတပ်ဖွဲ့ဝင်များကို အာဏာသိမ်းတပ်က စစ်ဆေးနေခြင်းဖြစ်သည်ဟု သိရသည်။

"သိရသလောက်ကတော့ မနေ့တနေ့ကစပြီး ရဲတွေကို တပ်က ဖမ်းဆီးခေါ်ဆောင် စစ်ကြောရေး လုပ်နေတယ်။ ခေါ်စစ်တယ်လို့ ပြောပေမဲ့ ဖမ်းထားတဲ့သဘောမျိုးပဲ။ တိုင်းမှူးလည်း ရောက်နေတယ်။ အဓိက ကတော့ ဖေသက်ဟန် (ဖမ်းဆီးခံရသည့်ရဲတပ်ဖွဲ့ဝင်ဟောင်း) နဲ့ စိတ်ကြွဆေး (၁၂)သန်းကျော် ဖမ်းမိတဲ့ ကိစ္စပါ။ ခရိုင်မင်းကြီးနဲ့ မြို့နယ်မှူးလည်း ခေါ်စစ်ခံထားရတယ်။ အထက်က ရဲတွေပါ ပါနိုင်တယ်။"ဟု အမည်မဖော်လိုသည့် Tachileik News Agency ၏ သတင်းရင်းမြစ်တစ်ဦးက ဧပြီလ(၂၇)ရက်နေ့တွင် ပြောသည်။



လက်ရှိ ဖမ်းဆီးခံထားရသည့် ဖေသက်ဟန်နှင့် ပတ်သက်ဆက်နွယ်သူများတွင် တာချီလိတ်တပ်နယ် အရာရှိများနှင့် မြို့ခံစီးပွားရေးလုပ်ငန်းရှင်အချို့အပြင် ကျေးရွာအုပ်စုများရှိ ပြည်သူ့စစ်ထိပ်ပိုင်း အချို့လည်း ပါဝင်သည်ဟုသိရသော်လည်း အာဏာသိမ်း စစ်ကောင်စီတပ်က ရဲတပ်ဖွဲ့ကိုသာ အဓိကထား စစ်ဆေးနေကြောင်း သိရသည်။

"အခုက ရဲတွေတော်တော်များများကို ဖမ်းထားပြီး စစ်ဆေးနေတဲ့အပြင် ဌာနတစ်ချို့လည်း ပါသလို၊ အချို့ရပ်ကွက်ရုံးက တချို့လည်း ပါတယ်။ အမှုဖွင့်ထားတာကတော့ ဖေသက်ဟန် အပါအဝင် (၁၀)ဦးပဲပေါ့။ တကယ်တော့ စစ်ဆေးခံနေရတာ အတော်များတယ်"ဟု အမည်မဖော်လိုသူက ပြောသည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး တာချီလိတ်မြို့မှ နေပြည်တော်အပါအဝင် နယ်ပြောင်းရွှေ့သွားကြသည့် ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးအချို့ နှင့် တပ်ဖွဲ့ဝင်များကိုလည်း စစ်ဆေးမည်ဟုသိရပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးများ၏ နောက်ကွယ်တွင် ထိုင်းနိုင်ငံဘက်မှ မူးယစ်ဂိုဏ်းပါဝင်ပတ်သက်မည်ဟု ယူဆထားကြောင်းလည်း သိရသည်။

"တာချီလိတ်ကနေ ပြောင်းသွားတဲ့ အဖွဲ့တွေ အကုန်စစ်ခံနေရတယ်။  ရဲဌာနချုပ်ရုံးကို  ပြောင်းသွားတဲ့ အဖွဲ့ရောပဲ။ ပြောရရင် ပြည်ထဲရေး အောက်က တာချီလိတ်နဲ့ ပတ်သက်တဲ့ ရဲတွေ အကုန် စစ်ခံရနိုင်လောက်တယ်"ဟု အမည်မဖော်လိုသူက ပြောသည်။

ဟုန်ပန်းကွင်းအတွင်း 𝗛𝗮𝗿𝗿𝘆 𝗣𝗼𝘁𝘁𝗲𝗿 𝗞𝗧𝗩 တွင် နှစ်ဖက်ပြဿနာဖြစ်ခဲ့ခြင်းဖြစ်သော်လည်း တစ်ဖက်မှ ဖေသက်ဟန်နှင့် အဖွဲ့ကို ဖမ်းဆီးသော်လည်း တစ်ဖက်အဖွဲ့ကိုမူ အရေးယူသည်ကို မတွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။

"ဝ"ပိုင် ဟုန်ပန်းကွင်းမှ 𝗛𝗮𝗿𝗿𝘆 𝗣𝗼𝘁𝘁𝗲𝗿 𝗞𝗧𝗩

"ဖေသက်ဟန်အဖွဲ့ထဲက လူတွေက "ဝ"အဖွဲ့က လူတစ်ယောက်ကို  ရိုက်လိုက်လို့ "ဝ"အဖွဲ့က ရိုက်တဲ့သူကို သူတို့ဆီကိုအပ်ဖို့ တောင်းတယ်။ အပ်လိုက်ရင် သေသွားနိုင်တာမို့ ဖေသက်ဟန်က မထုတ်ပေးဘူး။ အဲဒီတော့ ဖေသက်ဟန်ကို "ဝ"အဖွဲ့က လူကြီး တပည့် (၂)ယောက်က ချုပ်ထားပေးပြီး ပါးရိုက်တယ်။ အဲဒီကနေ ပြဿနာစတာပဲ။ ဒါပေမဲ့ နောက်နေ့ကျတော့ ဖေသက်ဟန်တို့ကို ဖမ်းတယ်ကြားတယ်။ ဟိုဖက်အဖွဲ့တော့ ဘာသံမှ မကြားဘူး"ဟု ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး "ဝ"အဖွဲ့၏ တိုင်တန်းမှုကြောင့် စစ်ကောင်စီတပ်နှင့် ရဲများက တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်း အေးချမ်းစေဘုန်းကြီးကျောင်းအနီးရှိ ဖေသက်ဟန်၏ နေအိမ်သို့ ဧပြီလ(၂၄)ရက်နေ့ နံနက်ပိုင်းက သွားရောက်စစ်ဆေးရာမှ  မူးယစ်ဆေးဝါးများကို အမှတ်မထင် ဖမ်းမိသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါနေအိမ်မှ ဖေသက်ဟန်အပါအဝင် ကျော်စွာဟိန်း၊ ထက်မျိုးလွင်၊ မင်းမင်းခိုင်၊ ရန်ပိုင်အောင်၊ လင်းထက်အောင်၊ အောင်သူအောင်၊ အောင်ကိုကိုဦး စသည့် မြန်မာ(၈)ဦး အပါအဝင် တရုတ်နိုင်ငံသား ဟေဂျီးယောင်နှင့် ထိုင်းနိုင်ငံသား အိုက်မူ စသည့် အမျိုးသား(၁၀)ဦးကို မူးယစ်ဆေးပြား (၁၂)သန်းခွဲအပြင်လက်နက်နှင့်ကျည်အချို့နှင့်အတူ ဖမ်းဆီးမိခြင်းဖြစ်သည်။

"ပထမတော့ သူတို့ ပြသနာအကြား ပြေလည်ဖို့ စစ်ဆေးပြရုံဆိုပြီး သွားကြတာလို့ ကြားတယ်။ ဒါပေမဲ့ ဝင်စစ်ရင်းနဲ့ အမှတ်မထင် အခန်းထဲကနေ မူးယစ်ဆေးတွေ့သွားတာလို့ ကြားတယ်။ သူတို့က အကုန်စစ်ပြီးလို့ ဘာမှ မတွေ့ဘူး ပြန်တော့မလို့လုပ်ပြီးမှ ကျန်တဲ့တစ်ခန်းကို ဝင်စစ်တာကနေ မိတာတဲ့။ အဲဒီကနေ ပြဿနာကြီးသွားတာ။ အစသွားတုန်းကတော့ တစ်ဖက်ကျေနပ်အောင် သွားစစ်ကြတာမျိုးပဲ "ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

  

လက်ရှိတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းသည် တာချီလိတ်သို့ ရောက်ရှိနေပြီး ၎င်းကိုယ်တိုင် စစ်ဆေးနေသည်ဟုလည်း သိရသည်။