ထောင်နှင့်ချီသည့် သီရိလင်္ကာကျောင်းသားများ ဝန်ကြီးချုပ်နေအိမ်‌ရှေ့သို့ ထိုးဖောက်ချီတက် ဆန္ဒပြ

ထောင်နှင့်ချီသည့် ဆန္ဒပြ သီရိလင်္ကာကျောင်းသားများကို တားဆီးနေစဉ်  [ Photo: AFP ]
ထောင်နှင့်ချီသည့် ဆန္ဒပြ သီရိလင်္ကာကျောင်းသားများကို တားဆီးနေစဉ် [ Photo: AFP ]
ထောင်နှင့်ချီသည့် သီရိလင်္ကာကျောင်းသားများ ဝန်ကြီးချုပ်နေအိမ်‌ရှေ့သို့ ထိုးဖောက်ချီတက် ဆန္ဒပြ
By Mr John

စီးပွားရေးအကျပ်အတည်း ပိုမိုဆိုးရွားလာသည့် သီရိလင်္ကာနိုင်ငံတွင် ထောင်နှင့်ချီသည့် တက္ကသိုလ်ကျောင်းသားများက ဝန်ကြီးချုပ် Mahinda Rajapaksa ၏ နေအိမ်ရှေ့အထိ ထိုးဖောက်ချီတက် ဆန္ဒပြကြပြီး ဝန်ကြီးချုပ်ကို ရာထူးမှ နှုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။

ဧပြီ (၂၄) ရက်နေ့၏ ဆန္ဒပြပွဲတွင် ကျောင်းသားခေါင်းဆောင်တွေက ကိုလံဘိုမြို့ရှိ ဝန်ကြီးချုပ် Mahinda Rajapaksa ၏ နေအိမ်ခြံဝင်း ခြံစည်းရိုးကိုပါ တွယ်တက်ခဲ့ကြသည်ဟု ဆိုသည်။



ရဲတပ်ဖွဲ့က ကိုလံဘိုမြို့တော်အနှံ့ နေရာစုံမှ လမ်းမတွေကို အတားအဆီးများဖြင့် ပိတ်ဆို့ကာ ကျောင်းသားများ အခြားနေရာမှ ဆန္ဒပြသူတွေနှင့် ချိတ်ဆက်ခြင်းမရှိစေရန် လုပ်ဆောင်ခဲ့ကြကြောင်းလည်း သိရသည်။

"ခင်ဗျားတို့ လမ်းကို ပိတ်လို့ရတယ်၊ ဒါပေမဲ့ အစိုးရတစ်ဖွဲ့လုံး ပြုတ်မကျမချင်း ဆင်နွှဲနေတဲ့ ကျုပ်တို့ရဲ့ တိုက်ပွဲကို မရပ်တန့်နိုင်ဘူး" ဟု အမည်မသိ ကျောင်းသားခေါင်းဆောင်တစ်ဦးက ပြောသည်။

ကျောင်းသားအုပ်စုနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့ခဲ့ကြပြီး ဆန္ဒပြကျောင်းသားတွေက ဝန်ကြီးချုပ်နေအိမ်ကို မဝင်ရောက်နိုင်ရန် တားဆီးထားသည့် အတားအဆီးများကို ဆွဲချခဲ့ကြသည်။



ကျောင်းသားများ စုရုံးဆန္ဒပြခဲ့ကြစဥ် ဝန်ကြီးချုပ် Mahinda Rajapaksa နေအိမ်တွင် ရှိမနေခဲ့ကြောင်းနှင့် နောက်ပိုင်းတွင် ဆန္ဒပြ ကျောင်းသားအုပ်စုက ငြိမ်းချမ်းစွာ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

သီရိလင်္ကာနိုင်ငံတွင် ထောင်နှင့်ချီသည့် ဆန္ဒပြ ပြည်သူလူထုက သမ္မတ Gotabaya Rajapaksa ၏ ရုံးခန်းအပြင်ဘက်တွင် နေ့စဥ် လာရောက်စုရုံးကြပြီး ၎င်းနှင့် ၎င်း၏ အစ်ကိုဖြစ်သူ ဝန်ကြီးချုပ် Mahinda Rajapaksa တို့ကို ရာထူးမှ နှုတ်ထွက်ရန် တောင်းဆိုနေခဲ့ကြသည်။



သီရိလင်္ကာနိုင်ငံတဝန်း ဆန္ဒပြမှုများ ဆက်တိုက် ပေါ်ပေါက်နေခဲ့ပြီး ဆန္ဒပြ လူအုပ်စုက အစိုးရခေါင်းဆောင်များ၏ နေအိမ်နှင့် ရုံးခန်းများကို ဝင်ရောက်စီးနင်းရန် ကြိုးပမ်းမှုများလည်း ရှိခဲ့သည်။

စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာမှုကို ဧပြီ (၁၉) ရက်နေ့ကလည်း နေရာအများအပြား၌ ဆန္ဒပြခဲ့ကြရာ Rambukkana မြို့တွင် ဆန္ဒပြလူအုပ်စုကို ရဲတပ်ဖွဲ့က ကျည်အစစ်သုံးပြီး ပစ်ခတ်ခဲ့မှုကြောင့် လူတစ်ဦး သေဆုံးပြီး (၁၁) ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။



သီရိလင်္ကာတွင် အစားအစာ၊ ဆေးဝါးနှင့် လောင်စာဆီ ပြတ်လပ်မှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် ဓာတ်အားဖြတ်တောက်မှုတို့အပေါ် လူအမြောက်အမြားပါဝင်သည့် လမ်းပေါ်ထွက် ဆန္ဒပြမှုများ ပေါ်ပေါက်နေခဲ့သည်။

ဆန္ဒပြသူတွေက သမ္မတ Gotabaya Rajapaksa ရာထူးမှ နှုတ်ထွက်ရန် တောင်းဆိုနေခဲ့သော်လည်း ၎င်းက နှုတ်ထွက်ရန် ငြင်းဆန်ပြီး ဧပြီ (၁၈) ရက်တွင် အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းလိုက်ရာ သီရိလင်္ကာနိုင်ငံသား အများအပြား ဒေါသထွက်ခဲ့ကြသည်။



သီရိလင်္ကာနိုင်ငံမှာ နိုင်ငံခြားငွေပြတ်လပ်မှုကြောင့် လောင်စာဆီတင်သွင်းမှုနဲ့ အခြား ကုန်ပစ္စည်းတွေအတွက် ငွေပေးချေရန် ရုန်းကန်နေခဲ့ရပြီး ၁၉၄၈ ခုနှစ်က ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရခဲ့ပြီးနောက်ပိုင်း အဆိုးဆုံး စီးပွားရေးအကျပ်အတည်း ကြုံတွေ့နေခဲ့ရသည်။

အခွန်လျှော့ချမှုနှင့် COVID-19 ကပ်ရောဂါကြောင့် ခရီးသွာလုပ်ငန်းအပေါ် မှီခိုနေရသည့် သီရိလင်္ကာ၏ စီးပွားရေးကို ဆိုးရွားစွာ ထိခိုက်ခဲ့ရာမှ နိုင်ငံခြားအရန်ငွေမှာ လွန်ခဲ့သည့် နှစ်နှစ်အတွင်း သုံးပုံနှစ်ပုံကျော် လျော့နည်းသွားခဲ့ကြောင်းလည်း သိရသည်။

ကပ်ရောဂါ သက်ရောက်မှုနှင့် ယူကရိန်းစစ်ပွဲက ပြည်ပကြွေးမြီများ ပြန်မဆပ်နိုင်သည့် အခြေအနေဖြစ်စေခဲ့ကြောင်း သီရိလင်္ကာအစိုးရတာဝန်ရှိသူတွေက ပြောထားပြီး သီရိလင်္ကာအစိုးရက ကမ္ဘာ့ဘဏ်ထံမှ အကူအညီရရှိရန်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့အစည်း IMF ထံမှ အရေးပေါ်ချေးငွေရရှိရန် ကြိုးပမ်းနေသည်ဟုလည်း ဆိုသည်။



Source: AFP