သီရိလင်္ကာနိုင်ငံတွင် ပြည်သူများ အကြီးအကျယ်ဆန္ဒပြလာမှုကြောင့် ဝန်ကြီးအဖွဲ့ နှုတ်ထွက်သွားသော်လည်း သမ္မတ၏ အကို ဝန်ကြီးချုပ်တစ်ဦးသာ ကျန်ရှိ

 သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ် Mahinda  [Photo: myvuenews]
သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ် Mahinda [Photo: myvuenews]
သီရိလင်္ကာနိုင်ငံတွင် ပြည်သူများ အကြီးအကျယ်ဆန္ဒပြလာမှုကြောင့် ဝန်ကြီးအဖွဲ့ နှုတ်ထွက်သွားသော်လည်း သမ္မတ၏ အကို ဝန်ကြီးချုပ်တစ်ဦးသာ ကျန်ရှိ
By Mr John

သီရိလင်္ကာနိုင်ငံတွင် ပြည်သူလူထု အမြောက်အများ ပါဝင်သည့် ဆန္ဒပြမှုများ အကြီးအကျယ် ပေါ်ပေါက်ခဲ့တာကြောင့် ဝန်ကြီးအဖွဲ့ နှုတ်ထွက်သွားခဲ့ပြီးနောက် သမ္မတ Gotabaya Rajapaksa က အစိုးရအဖွဲ့ တည်ငြိမ်စေရန် ကြိုးပမ်းနေရသည်။

သမ္မတ၏ အကိုဖြစ်သူ ဝန်ကြီးချုပ် Mahinda တစ်ဦးတည်းသာ ကျန်ရှိနေခဲ့သည့် သီရိလင်္ကာအစိုးရအနေနဲ့ ကြီးမားတဲ့ စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေခဲ့ရသည်။ 

အစိုးရအဖွဲ့ကနေ နှုတ်ထွက်သွားသည့် ဝန်ကြီး (၂၆)ဦးအနက် ဝန်ကြီးချုပ်၏ သားဖြစ်သူ Namal Rajapaksa ကိုယ်တိုင် ပါဝင်ခဲ့ကြောင်းလည်း သိရသည်။

   ဝန်ကြီးချုပ် Mahinda နှင့် သမ္မတ Gotabaya Rajapaksa

အစောပိုင်းမှာ သမ္မတ Gotabaya Rajapaksa က အတိုက်အခံပါတီတွေကို ဝန်ကြီးနေရာများ အတွက် ဖိတ်ခေါ်ခဲ့ပြီး အစိုးရအဖွဲ့ တည်ငြိမ်ရန် ကြိုးပမ်းခဲ့သေးသည်။

သို့သော် မရှိမဖြစ်လိုအပ်သည့် အခြေခံ ကုန်ပစ္စည်းများ ရှားပါးပြတ်လပ်မှုနှင့် လျှပ်စစ်ဓာတ်အား လျှော့ချဖြတ်တောက်မှုတို့အပေါ် မကျေမနပ်ဖြစ်နေသည့် ပြည်သူလူထု၏ ဆန္ဒပြမှုများ ဆက်လက် ဖြစ်ပေါ်နေခဲ့သည်။ 

ညပိုင်းလမ်းပေါ်ထွက်ကာ သမ္မတ နှုတ်ထွက်ရေး ဆန္ဒပြနေစဉ်

ဧပြီ (၃) ရက်နေ့ကလည်း ကာဖျူးအမိန့်ထုတ်ပြန်ထားမှုကို ဖီဆန်ကာ မြို့အများအပြားမှာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး ပြည်သူအများအပြားက သမ္မတ Gotabaya Rajapaksa ရာထူးမှ နှုတ်ထွက်ရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ဆန္ဒပြမှုတွေ အားကောင်းလာခဲ့ရာ သီရိလင်္ကာအစိုးရက နိုင်ငံအတွင်း Facebook ၊ WhatsApp နှင့် Twittr အပါအဝင် လူမှုကွန်ရက်ဝက်ဘ်ဆိုက်တွေကို ပိတ်ပင်ခဲ့ပြီး ကာဖျူးအမိန့်ထုတ်ပြန်ခဲ့သည်။ 

မတ်လ (၃၁) ရက်နေ့ ညပိုင်းက သမ္မတအိမ်တော်အပြင်ဘက်မှာ စုရုံးဆန္ဒပြကြရာမှ အကြမ်းဖက်မှုဖြစ်ပေါ်ခဲ့ပြီးနောက် နောက်ထပ်ဆန္ဒပြမှုများ စီစဥ်နေမှုကို ဟန့်တားရန်ရည်ရွယ်ပြီး လူမှုကွန်ရက်တွေကို ပိတ်ပင်ခဲ့ခြင်းလည်း ဖြစ်သည်။

ထိုအတောအတွင်း အတိုက်အခံပါတီ နှစ်ခုဖြစ်သည့် Samagi Jana Balavegaya (SJB) နှင့် Janatha Vinukthi Peramuna (JVP) တို့က အစိုးရအဖွဲ့တွင် ပါဝင်ရန် သမ္မတ၏ ကမ်းလှမ်းမှုကို လက်မခံဘဲ သမ္မတကို ရာထူးမှနှုတ်ထွက်ရန် ပြောခဲ့ကြောင်း  သိရသည်။ 

သီရိလင်္ကာနိုင်ငံတွင် နိုင်ငံခြားငွေပြတ်လပ်မှုကြောင့် လောင်စာဆီတင်သွင်းမှုနှင့် အခြား ကုန်ပစ္စည်းတွေအတွက် ငွေပေးချေရန် ရုန်းကန်နေခဲ့ရပြီး ၁၉၄၈ ခုနှစ်က ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရခဲ့ပြီးနောက်ပိုင်း ယခုအကြိမ်အခါတွင် အဆိုးဆုံး စီးပွားရေးအကျပ်အတည်း ကြုံတွေ့နေခဲ့ရသည်။

Source: BBC

Photo: TNLRN, Rajini Vaidyanathan