သီရိလင်္ကာနိုင်ငံတွင် လောင်စာဆီ ပြတ်လပ်ပြီး ဈေးနှုန်း အဆမတန်မြှင့်တက်လာမှုကြောင့် ဆန္ဒပြနေသည့် လူအုပ်ကို ရဲတပ်ဖွဲ့က ကျည်အစစ်ဖြင့် ပစ်ခတ်၍ (၁)ဦး သေဆုံး

ဆန္ဒပြနေသည့် လူအုပ်စု
ဆန္ဒပြနေသည့် လူအုပ်စု
သီရိလင်္ကာနိုင်ငံတွင် လောင်စာဆီ ပြတ်လပ်ပြီး ဈေးနှုန်း အဆမတန်မြှင့်တက်လာမှုကြောင့် ဆန္ဒပြနေသည့် လူအုပ်ကို ရဲတပ်ဖွဲ့က ကျည်အစစ်ဖြင့် ပစ်ခတ်၍ (၁)ဦး သေဆုံး
By Mr John

စီးပွားရေးအကျပ်အတည်း ကြုံတွေ့နေသည့် သီရိလင်္ကာနိုင်ငံတွင် လောင်စာဆီပြတ်လပ်မှုအပေါ် နိုင်ငံအလယ်ပိုင်း Rambukkana မြို့တွင် ဆန္ဒပြသည့် လူအုပ်စုကို ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး အခြား (၁၁) ဦး ဒဏ်ရာရခဲ့သည်။ 

ဧပြီလအစောပိုင်းတွင် ဆန္ဒပြမှုများ စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သော်လည်း ရဲတပ်ဖွဲ့က ယခုလို အသက်သေဆုံးသည်အထိ ကျည်အစစ်ဖြင့် ပစ်ခတ်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ဆန္ဒပြနေသည့် လူအုပ်စု



သီရိလင်္ကာတွင် မရှိမဖြစ် ပြည်ပသွင်းကုန်များ ဝယ်ယူတင်သွင်းရန် နိုင်ငံခြားငွေ ပြတ်လပ်သွားပြီးနောက် ပြည်သူလူထု ထောင်သောင်းချီ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး ဆန္ဒပြသူတွေက သမ္မတ Gotabaya Rajapaksa ရာထူးမှ နှုတ်ထွက်ရန် တောင်းဆိုနေခဲ့သော်လည်း ၎င်းက နှုတ်ထွက်ရန် ငြင်းဆန်ခဲ့နောက်  ဧပြီ (၁၈) ရက်နေ့တွင် အစိုးရ အဖွဲ့သစ်ကို ဖွဲ့စည်းလိုက်ရာ သီရိလင်္ကာနိုင်ငံသား အများအပြားက ပိုမို ဒေါသထွက်ခဲ့ကြသည်။

သမ္မတ Gotabaya Rajapaksa

 ထိုအတောအတွင်း သီရိလင်္ကာ၏ အဓိက စက်သုံးဆီ လက်လီအရောင်းကုမ္ပဏီက စက်သုံးဆီဈေးနှုန်းများကို (၆၅) ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်ရာ ဧပြီ (၁၉) ရက်နေ့တွင် နေရာအများအပြား၌ ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့သည်။ 

Rambukkana မြို့တွင် ဆန္ဒပြလူအုပ်စုက (၁၅) နာရီခန့်ကြာ ဆန္ဒပြနေခဲ့ကြပြီး စက်သုံးဆီရရှိရန် တောင်းဆိုခဲ့ကြသည်ဟု BBC Sinhala ၏ သတင်းထောက် Ranga Sirilal က သတင်းပေးပို့သည်။

"ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကိုထိန်းဖို့ ပစ်ခတ်ခဲ့ရတယ်။ ဆန္ဒပြသူတွေက ကားတာယာအချို့ကို မီးရှို့ခဲ့ကြတယ်။ ဒါကြောင့် သူတို့ကို လူစုကွဲသွားအောင် ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့ရတယ်" ဟု ရဲတပ်ဖွဲ့ပြောခွင့်ရအမျိုးသား Ranga Sirilal က BBC ကို ပြောသည်။

 ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ကို ကျောက်ခဲနှင့် အခြားအရာဝတ္ထများဖြင့် ပစ်ပေါက်ခဲ့ကြကြောင်း အာဏာပိုင်တွေက ဆိုထားပြီး ဆန္ဒပြပွဲအတွင်း ဒဏ်ရာရခဲ့သူတွေအနက် (၂)ဦးမှာ စိုးရိမ်ရသည့် အခြေအနေဖြစ်နေကြောင်း သိရသည်။

သေဆုံးသွားသည့် အမျိုးသားမှာ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရဖွယ်ရှိကြောင်း Kegalle သင်ကြားရေးဆေးရုံမှ ညွှန်ကြားရေးမှူး Mihiri Priyangani က Reuters သတင်းဌာနကို ပြောသည်။ 

"သေနတ်ဒဏ်ရာတွေဖြစ်တယ်လို့ သံသယရှိပါတယ်။ ဒါပေမဲ့ သေဆုံးရတဲ့ အကြောင်းရင်း အတိအကျကို အတည်ပြုနိုင်ဖို့ အလောင်းစစ်ဆေးဖို့ လိုပါတယ်"ဟု ၎င်းက ဆိုသည်။

လောင်စာဆီပြတ်လပ်ပြီး ဈေးနှုန်းများမြင့်တက်မှုအပေါ် ဒေါသထွက်နေကြသည့် ယာဥ်မောင်းများနှင့် ဘတ်စ်ကားယာဥ်မောင်းများက ကိုလံဘိုမြို့တော်နှင့် ကင်ဒီမြို့ကို ဆက်သွယ်ထားသည့် အမြန်လမ်းမပေါ်တွင် ကားတာယာများကို မီးရှို့ခဲ့ကြသည်ဟု ဆိုသည်။ 

သီရိလင်္ကာနိုင်ငံမှာ နိုင်ငံခြားငွေပြတ်လပ်မှုကြောင့် လောင်စာဆီတင်သွင်းမှုနဲ့ အခြား ကုန်ပစ္စည်းတွေအတွက် ငွေပေးချေရန် ရုန်းကန်နေခဲ့ရပြီး ၁၉၄၈ ခုနှစ်က ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရခဲ့ပြီးနောက်ပိုင်း အဆိုးဆုံး စီးပွားရေးအကျပ်အတည်း ကြုံတွေ့နေခဲ့ရသည်။

နှစ်ပေါင်း (၇၀) ကျော်အတွင်း စီးပွားရေအကျပ်အတည်း အဆိုးဆုံးဖြစ်ပေါ်နေသည့် သီရိလင်္ကာအနေဖြင့် ပြည်ပကြွေးမြီများ ပြန်မဆပ်နိုင်သည့် အခြေအနေဖြစ်လာပြီး ပြည်ပကြွေးမြီ ပြန်ဆပ်မှုများကို ဆိုင်းငံ့ထားသည်။ 

ယခုနှစ်တွင် ပြန်ဆပ်ရမည့် သီရိလင်္ကာ၏ ပြည်ပကြွေးမြီပမာဏမှာ အစိုးရက ထုတ်ရောင်းထားပြီး ဇူလိုင်လအတွင်း သက်တမ်းပြည့်မည့် အမေရိကန်ဒေါ်လာ (၁) ဘီလီယံဖိုး ငွေချေးစာချုပ် အပါအဝင် အမေရိကန်ဒေါ်လာ (၄) ဘီလီယံခန့်ဖြစ်ကြောင်း သိရသည်။ 

သီရိလင်္ကာအစိုးရက နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ အရေးပေါ် ချေးငွေအကူအညီရရှိရန် ဧပြီ (၁၈) ရက်တွင် စတင်ဆွေးနွေးနေပြီဟုလည်း သိရသည်။

Source: BBC, Reuters

Photo: Reuters