ထိုင်းနိုင်ငံတွင် နယူးရီးယား ရက်သတ္တပတ်အတွင်း ယာဥ်တိုက်မှုပေါင်း (၂,၄၀၀) ကျော် ဖြစ်ပွားခဲ့ပြီး လူ (၃၁၇) ဦး သေဆုံး

ထိုင်းနိုင်ငံတွင် နယူးရီးယား ရက်သတ္တပတ်အတွင်း ယာဥ်တိုက်မှုပေါင်း (၂,၄၀၀) ကျော် ဖြစ်ပွားခဲ့ပြီး လူ (၃၁၇) ဦး သေဆုံး
ဇန်နဝါရီ 6, 2023 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းနိုင်ငံတွင် အစိုးရက နယူးရီးယား အားလပ်ရက်ကာလ ယာဥ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး သတ်မှတ်ဆောင်ရွက်ခဲ့သည့် (၇) ရက်အတွင်း နိုင်ငံတဝန်း ယာဥ်တိုက်မှုပေါင်း (၂,၄၄၀)ကျော် ဖြစ်ပွားခဲ့ကြောင်း နှင့် လူ (၃၁၇) ဦး သေဆုံးပြီး (၂,၄၃၇) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

ထိုကိန်းဂဏန်းများမှာ နယူးရီးယားကာလ ယာဥ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်ထားသည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၉) ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၄) ရက်အထိ ပြုစုထားခြင်း ဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ ဒုတိယ အမြဲတမ်းအတွင်းဝန် Chotenarin Kerdson က အဆိုပါ အချက်အလက်များကို ဇန်နဝါရီလ (၅) ရက်တွင် ထုတ်ပြန်ပေးခဲ့သည်။ 

(၇) ရက်အတွင်း ထိုင်းတောင်ပိုင်း ဆူရတ်သနီပြည်နယ်အတွင်း ယာဥ်တိုက်မှု (၇၉) ခု ဖြစ်ပွားခဲ့ပြီး အများဆုံးဖြစ်ကြောင်း သိရသည်။ 

ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင်အတွင်း ယာဥ်မတော်တဆမှုကြောင့် လူသေဆုံးမှုအများဆုံးအဖြစ် (၁၅) ဦး သေဆုံးခဲ့သည်။ 

ထိုင်းနိုင်ငံ အနောက်ပိုင်းရှိ ကန်ချနာဘူရီပြည်နယ်တွင် ယာဥ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရမှု အများဆုံးဖြစ်ပြီး ဒဏ်ရာရသူ (၉၁) ဦးရှိခဲ့သည်။

ဘွန်းကန်း,     နရာဓိဝါသ, ဖန်ငါ, စာတွန်းနှင့် ဆူခေါဒယ ပြည်နယ် (၅) ခုတွင် ယာဥ်မတော်တဆမှုကြောင့် သေဆုံးဒဏ်ရာရမှု မရှိခဲ့ဟု ဆိုသည်။

 အရက်မူးပြီး မောင်းနှင်မှုမှာ ယာဥ်တိုက်မှု အဖြစ်အများဆုံး အကြောင်းရင်းဖြစ်ပြီး အရှိန်လွန်မောင်းနှင်မှုနှင့် ကားထိုင်ခုံခါးပတ်မပတ်ခြင်း၊ ဆိုင်ကယ်စီးဦးထုပ် မဆောင်းခြင်းတို့က ယာဥ်တိုက်မှုအတွင်း သေဆုံးမှုအဖြစ်အများဆုံး အဓိက အကြောင်းရင်းများဖြစ်ကြောင်း Chotenarin က ပြောသည်။

နယူးရီးယားကာလ ယာဥ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး (၇) ရက်အတွင်း ဖြစ်ပွားခဲ့သည့် ယာဥ်တိုက်မှုအများစုတွင် မော်တော်ဆိုင်ကယ်များ ပါဝင်ခဲ့ပြီး သေဆုံးသူများနှင့် ဒဏ်ရာရသူများ၏ (၇၀) ရာခိုင်နှုန်းမှာ ဆိုင်ကယ်စီးဦးထုပ်မဆောင်းခဲ့ကြဟု ၎င်းကဆိုသည်။ 

သို့သော် ယာဥ်မတော်တဆမှု၊ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုတို့မှာ ယခင်နှစ်ကထက် လျော့ကျခဲ့သည်ဟု Chotenarin က ဖြည့်စွက်ပြောသည်။

အစိုးရက သတ်မှတ်ဆောင်ရွက်ခဲ့သည့် ဒီဇင်ဘာလ (၂၉) ရက်နေ့မှ ဇန်နဝါရီလ (၄) ရက်နေ့အထိ ယာဥ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လှုပ်ရှားမှုကာလ (၇) ရက်အတွင်း အရက်မူးပြီး မောင်းနှင်သူ (၈,၅၆၇) ဦး၊ မဆင်မခြင် မောင်းနှင်သူ (၂၁) ဦးနှင့် မူးယစ်ဆေးဝါးသုံးထားပြီး မောင်းနှင်သူ (၃၃၅) ဦးကို အရေးယူခဲ့ကြောင်း Probation Department ၏ အထွေထွေညွှန်ကြားရေးမှူး Werakit Harnpariphan က ထုတ်ပြန်ခဲ့သည်။ 

ယခု နယူးရီးယားကာလ အားလပ်ရက်အတွင်း အရက်မူးပြီး မောင်းနှင်မှုမှာ ယမန်နှစ်ကထက် (၈.၈၈) ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ၎င်းကဆိုသည်။

Source: Bangkok Post

 Photo: Piyarat Chongcharoen, Bangyi khan Rescue