သီရိလင်္ကာအနေဖြင့် ပြည်ပကြွေးမြီများ ပြန်မဆပ်နိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရ

သီရိလင်္ကာအနေဖြင့် ပြည်ပကြွေးမြီများ ပြန်မဆပ်နိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရ
By Mr John

 နှစ်ပေါင်း (၇၀) ကျော်အတွင်း စီးပွားရေအကျပ်အတည်း အဆိုးဆုံးဖြစ်ပေါ်နေသည့် သီရိလင်္ကာအနေဖြင့် ပြည်ပကြွေးမြီများ ပြန်မဆပ်နိုင်သည့် အခြေအနေဖြစ်လာကြောင်း ဧပြီ (၁၂) ရက်တွင် နိုင်ငံ၏ ဗဟိုဘဏ်က ထုတ်ဖော်ပြောလိုက်သည်။ လောင်စာဆီကဲ့သို့ မရှိမဖြစ်အရာများ ပြည်ပမှတင်သွင်းရန် သိသိသာသာ လျော့နည်းလာနေသည့် နိုင်ငံခြားအရန်ငွေကိုသုံးရန် ကြိုးပမ်းနေရသည်ဟု ဆိုသည်။

အခွန်လျှော့ချမှုနှင့် COVID-19 ကပ်ရောဂါကြောင့် ခရီးသွာလုပ်ငန်းအပေါ် မှီခိုနေရသည့် သီရိလင်္ကာ၏ စီးပွားရေးကို ဆိုးရွားစွာ ထိခိုက်ခဲ့ရာမှ နိုင်ငံခြားအရန်ငွေမှာ လွန်ခဲ့သည့် နှစ်နှစ်အတွင်း သုံးပုံနှစ်ပုံကျော် လျော့နည်းသွားခဲ့ကြောင်းလည်း သိရသည်။ 



ကပ်ရောဂါ သက်ရောက်မှုနှင့် ယူကရိန်းစစ်ပွဲက ပြည်ပကြွေးမြီများ ပြန်မဆပ်နိုင်သည့် အခြေအနေဖြစ်စေခဲ့ကြောင်း သီရိလင်္ကာအစိုးရတာဝန်ရှိသူတွေက ဆိုသည်။

သီရိလင်္ကာတွင် အစားအစာ၊ ဆေးဝါးနှင့် လောင်စာဆီ ပြတ်လပ်မှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် ဓာတ်အားဖြတ်တောက်မှုတို့အပေါ် လူအမြောက်အမြားပါဝင်သည့် လမ်းပေါ်ထွက် ဆန္ဒပြမှုများလည်း ပေါ်ပေါက်နေခဲ့သည်။

ကျွန်တော်တို့က မရှိမဖြစ် ပြည်ပသွင်းကုန်တွေအပေါ် အာရုံစိုက်ဖို့ လိုပါတယ်။ ပြည်ပကြွေးမြီဆပ်ဖို့ ပူပန်နေရမှာ မဟုတ်ပါဘူး

ဟု သီရိလင်္ကာဗဟိုဘဏ်ဥက္ကဌ P. Nandalal Weerasinghe က သတင်းထောက်တွေကို ပြောသည်။

သီရိလင်္ကာနှင့် ကြွေးရှင်များကြား သဘောတူညီမှု ရရှိချိန်အထိနှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ ချေးငွေအကူအညီ ရရှိချိန်အထိ ပြည်ပကြွေးမြီများကို ပြန်မဆပ်ဘဲ ဆိုင်းငံ့ထားမည်ဟုလည်း ၎င်းကဆိုသည်။

သီရိလင်္ကာက IMF ထံမှ အရေးပေါ် ချေးငွေများရရှိနိုင်ရန် လာမည့် ဧပြီ (၁၈) ရက်တွင် တရားဝင် ဆွေးနွေးသွားမည် ဖြစ်သည်။ 

ယခုနှစ်တွင် ပြန်ဆပ်ရမည့် သီရိလင်္ကာ၏ ပြည်ပကြွေးမြီပမာဏမှာ အစိုးရက ထုတ်ရောင်းထားပြီး ဇူလိုင်လအတွင်း သက်တမ်းပြည့်မည့် အမေရိကန်ဒေါ်လာ (၁) ဘီလီယံဖိုး ငွေချေးစာချုပ် အပါအဝင် အမေရိကန်ဒေါ်လာ (၄) ဘီလီယံခန့်ဖြစ်ကြောင်း သိရသည်။

Source: Reuters

ဆက်စပ်သတင်း

အကျပ်အတည်းဆိုက်နေသည့် သီရိလင်္ကာတွင် ဆေးဝါးများ ပြတ်လပ်လုနီးပါးဖြစ်နေပြီဟု ဆရာဝန်များ သတိပေး