ကင်မ်ဂျုံအန်က နိုင်ငံခြားရေးဝန်ကြီးဟောင်းကို ရာထူးမှ ထုတ်ပယ်ပြီး ကွပ်မျက်ခဲ့ဟု သတင်းထွက်ပေါ်

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဟောင်း ရီယောင်ဟို နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဟောင်း ရီယောင်ဟို နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်
ကင်မ်ဂျုံအန်က နိုင်ငံခြားရေးဝန်ကြီးဟောင်းကို ရာထူးမှ ထုတ်ပယ်ပြီး ကွပ်မျက်ခဲ့ဟု သတင်းထွက်ပေါ်
ဇန်နဝါရီ 6, 2023 | နိုင်ငံတကာသတင်း
By Mr John

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တွင် ထိုစဥ်က အမေရိကန်သမ္မတ ဒေါနယ်ထရမ့်နှင့် ထိပ်သီးတွေ့ဆုံမှုကို အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သူ နိုင်ငံခြားရေးဝန်ကြီးဟောင်းကို ရာထူးမှ ထုတ်ပယ်ပြီး ကွပ်မျက်ခဲ့ကြောင်း သတင်းများထွက်ပေါ်လာသည်။  

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဟောင်း ရီယောင်ဟို ကို ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း တောင်ကိုရီးယားလွှတ်တော်အမတ်များက ထောက်လှမ်းရေးအရာရှိများကို ကိုးကားပြီး ဇန်နဝါရီလ (၅) ရက်နေ့တွင် ပြောသည်။

၂၀၁၉ ခုနှစ် အစောပိုင်းက ထရမ့်နှင့် ကင်မ်ဂျုံအန်တို့ ဗီယက်နမ်နိုင်ငံတွင် နျူကလီးယားဖျက်သိမ်းရေး ဆွေးနွေးညှိနှိုင်းမှု မအောင်မြင်ခဲ့ပြီးနောက်ပိုင်း ရီယောင်ဟိုကို လူအများမြင်ကွင်း၌ မတွေ့ရတော့ဟု ဆိုသည်။ 

သို့သော် ဂျပန်သတင်းဌာန Yomiuri Shimbun က အမည်မဖော်သည့် သတင်းရင်းမြစ်ကို ကိုးကားပြီး ဇန်နဝါရီလ (၄) ရက်တွင် သတင်းဖော်ပြမှုအရ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဟောင်း ရီယောင်ဟိုမှာ ယမန်နှစ်အတွင်း ကွပ်မျက်ခံလိုက်ရသည်ဟု ဆိုသည်။

တောင်ကိုရီးယားထောက်လှမ်းရေးဌာန National Intelligence Servie (NIS) ကမူ ရီယောင်ဟို ရာထူးမှ ထုတ်ပယ်ခံခဲ့ရသော်လည်း ကွပ်မျက်ခံခဲ့ရခြင်းဟုတ် မဟုတ် အတိအကျ မသိရကြောင်း လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်ဟု တောင်ကိုရီးယားလွှတ်တော် ထောက်လှမ်းရေးကော်မတီ အဖွဲ့ဝင် Yoo Sang-bum က ဆိုသည်။ 

"ရီယောင်ဟို ကို ထုတ်ပယ်လိုက်တာ သူတို့က အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ သူ ကွပ်မျက်ခံရတယ်ဆိုတာကို‌တော့ အတည်မပြုခဲ့ပါဘူး" ဟု ၎င်းက သတင်းထောက်များကို ပြောသည်။

မည်သည့်အတွက်ကြောင့် ရီယောင်ဟို ရာထူးမှ ထုတ်ပယ်ခံရကြောင်းကို ထောက်လှမ်းရေးဌာနက ရှင်းမပြခဲ့ကြောင်းနှင့် လွှတ်တော်အမတ်များ အနေဖြင့် ဂျပန်သတင်းဌာန Yomiuri Shimbun ၏ သတင်းကို အတည်မပြုနိုင်ကြောင်း တောင်ကိုရီးယားလွှတ်တော်အမတ် Yoo Sang-bun က ဆိုသည်။ 

Yomiuri Shimbun သတင်း၏ အဆိုအရ ရီယောင်ဟိုအပြင် ဗြိတိန်ရှိ မြောက်ကိုရီးယားသံရုံးတွင် အလုပ်လုပ်ကိုင်ခဲ့သည့် သံတမန်အနည်းငယ်လည်း ကွပ်မျက်ခံရသည်ဟု သိရသည်။

မြောက်ကိုရီးယားအစိုးရသတင်းဌာနက ရီယောင်ဟို ကို ၂၀၂၀ ခုနှစ် ဧပြီလအတွင်း နောက်ဆုံး ဖော်ပြခဲ့ပြီး ထိုစဥ်က ကင်မ်ဂျုံအန်က ဥက္ကဌအဖြစ် ဆောင်ရွက်သည့် နိုင်ငံအတွက် ဆုံးဖြတ်ချက်များ ချမှတ်သည့်ကော်မရှင် State Affairs Commission မှ ၎င်းကို ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။ 

ထိုကော်မရှင်မှ ဖယ်ရှားမခံရမီ လအတန်ကြာ အစောပိုင်းတွင် ရီယောင်ဟို ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ်မှ ထုတ်ပယ်ခဲ့သည်။

Source: Reuters