အကျပ်အတည်းဆိုက်နေသည့် သီရိလင်္ကာတွင် ဆေးဝါးများ ပြတ်လပ်လုနီးပါးဖြစ်နေပြီဟု ဆရာဝန်များ သတိပေး

အကျပ်အတည်းဆိုက်နေသည့် သီရိလင်္ကာတွင် ဆေးဝါးများ ပြတ်လပ်လုနီးပါးဖြစ်နေပြီဟု ဆရာဝန်များ သတိပေး
By Mr John

 စီးပွားရေး အကျပ်အတည်းဆိုက်နေသည့် သီရိလင်္ကာနိုင်ငံတွင် အသက်ကယ်ရေး ဆေးဝါးများ ပြတ်လပ်လုနီးပါး အခြေအနေဖြစ်နေပြီဟု ဆရာဝန်တွေက ဧပြီ (၁၀) ရက်တွင် သတိပေးခဲ့သည်။ စီးပွားရေးအကျပ်အတည်းက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါထက် ပိုဆိုးသည့် သေဆုံးမှုတွေကို ဖြစ်စေနိုင်သည့် အန္တရာယ်ရှိနေကြောင်း သိရသည်။

သီတင်းပတ်များကြာ ဓာတ်အားပြတ်တောက်မှုများနှင့် အစားအစာ၊ လောင်စာဆီနှင့် ဆေးဝါးများ ပြတ်လပ်များကြောင့် သီရိလင်္ကာတွင် ဒုက္ခကြုံနေကြရသည်။



သီရိလင်္ကာ၏ စီးပွားရေးမှာ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးဆုံး ကျဆင်းခဲ့ခြင်းလည်း ဖြစ်သည်။ သီရိလင်္ကာ ဆေးဘက်ဆိုင်ရာအသင်း - Sri Lanka Medical Association (SLMA) က ပြောကြားမှုအရ နိုင်ငံအတွင်းရှိ ဆေးရုံအားလုံးတွင် ပြည်ပမှတင်သွင်းသည့် ဆေးဘက်ဆိုင်ရာအသုံးအဆောင်များနှင့် မရှိမဖြစ် အရေးပါသည့် ဆေးဝါးများ မရရှိနိုင်တော့ကြောင်း သိရသည်။



ပြီးခဲ့သည့် လကတည်းက ဆေးရုံအများအပြားတွင် မေ့ဆေး သို့မဟုတ် ထုံဆေး ပြတ်လပ်မှုကြောင့် ပုံမှန် ခွဲစိတ်ကုသမှုများကို ရပ်ဆိုင်းထားခဲ့ရပြီးဖြစ်ကြောင်း၊ သို့သော် အရေးပေါ် ခွဲစိတ်ကုသမှုများကိုပင် မကြာမီကာလအတွင်းမှာ လုပ်ဆောင်နိုင်တော့မည်မဟုတ်ဟု SLMA က ဆိုသည်။

"ကျွန်ုပ်တို့အနေဖြင့် အလွန်ခက်ခဲတဲ့ ရွေးချယ်မှုတွေ လုပ်ခဲ့ရပါတယ်။ ဘယ်သူက ကုသခွင့်ရမယ် ဘယ်သူက ကုသခွင့်မရဘူးဆိုတာ ကျွန်ုပ်တို့ ဆုံးဖြတ်ရပါတယ်" ဟု SLMA က ဧပြီ (၁၀) ရက်တွင် ပြောသည်။



ဆေးဘက်ဆိုင်ရာအသင်းက လက်ရှိကြုံတွေ့နေရသည့် အခြေအနေကို သမ္မတ Gotabaya Rajapaksa ထံသို့ သတိပေးစာတစ်စောင် ရေးသားပေးပို့ခဲ့ပြီးနောက် ထိုသို့ ထုတ်ဖော်ပြောခြင်းလည်း ဖြစ်သည်။ "လိုအပ်တာတွေကို ရက်ပိုင်းအတွင်း ပြန်မရဘူးဆိုရင် သေဆုံးမှုတွေက ကပ်ရောဂါထက် အများကြီး ပိုဆိုးပါလိမ့်မယ်" ဟုလည်း SLMA က ပြောသည်။



သီရိလင်္ကာတွင် အထွေထွေအကျပ်အတည်းများကြောင့် ပြည်သူလူထု ထောင်နဲ့ချီပြီး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီးနောက် သမ္မတ၏အကိုဖြစ်သူ ဝန်ကြီးချုပ်မှလွဲပြီး ကျန်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှုတ်ထွက်သွားခဲ့သည်။ ဆန္ဒပြ ပြည်သူတွေက သမ္မတ Gotabaya Rajapaksa ကို ရာထူးမှ နှုတ်ထွက်ရန် တောင်းဆိုနေခဲ့ကြသော်လည်း ၎င်းက နှုတ်ထွက်မည်မဟုတ်ဟု ဆိုသည်။



Source: AFP