တာချီလိတ်ရဲစခန်းဝန်းကို TCL.KKK.SHN က ဗုံးပစ်သွင်းခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်။ တောင်းဆိုချက်ကို မလိုက်လျောပါက ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရာဇသံပေး

တာချီလိတ်ရဲစခန်းဝန်းကို TCL.KKK.SHN က ဗုံးပစ်သွင်းခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်။ တောင်းဆိုချက်ကို မလိုက်လျောပါက ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရာဇသံပေး
ဇန်နဝါရီ 14, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၄)ရက်နေ့ နံနက်ပိုင်းက မြို့မရဲစခန်းတွင်း ဗုံး(၂)လုံး ပစ်သွင်းတိုက်ခိုက်ခြင်းကို TCL.KKK.SHN အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ပြီး အာဏာသိမ်းအဖွဲ့၏ ရဲတပ်ဖွဲ့က အများပြည်သူကို အနှောင့်အယှက်ဖြစ်စေရန် ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်နေသည့်အတွက် ထပ်မံသတိပေးခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်လာသည်ကို တွေ့ရသည်။ 

အာဏာသိမ်းအဖွဲ့အနေဖြင့် လက်ရှိဖမ်းဆီးထားသည့် မဆိုင်သူများအား ချက်ချင်းပြန်လွှတ်ပေးရန်နှင့် မဆိုင်သူများအား ဖမ်းဆီး၊ စစ်ဆေး ခြိမ်းခြောက်မှုများကို ရပ်တန့်ရန်၊ မြို့တွင်းပြည်သူများ သွားလာရေးတွင် စစ်ဆေးခံနေရမှုကြောင့် ထိတ်လန့်နေ၍ စစ်ဆေးမှုများကို ရုပ်သိမ်းပေးရန်ဟု အချက်နှစ်ချက် တောင်းဆိုထားသည်ကို တွေ့ရသည်။

အဆိုပါ တောင်းဆိုချက်များအား မလိုက်လျောပါက တာချီလိတ်ရှိ အာဏာသိမ်းအဖွဲ့၏ဒေါက်တိုင်များ လုပ်ကိုင်နေသည့် အမည်ခံစီးပွားရေးလုပ်ငန်းနေရာများနှင့် အာဏာသိမ်းစစ်တပ်က အကာအကွယ်ပေးထားသည့် တရုတ်အွန်လိုင်း၊ လောင်းကစားလုပ်ငန်းများကို တိုက်ခိုက်မည်ဟု သတိပေးထားပြီး အများပြည်သူအနေဖြင့် အဆိုပါနေရာများကို သတိထားနေထိုင်ကြရန် မေတ္တာရပ်ခံထားသည်ကို တွေ့ရသည်။

ဆက်စပ်သတင်း