တာချီလိတ်မြို့မရဲစခန်း ဝန်းအတွင်းရှိ ရဲလိုင်းခန်းတွင် ဗုံးပေါက်ကွဲမှုကြောင့် အဆောက်အဦးသာ ထိခိုက်သော်လည်း ရဲလိုင်းခန်းနေသူများ အထိတ်တလန့်ဖြစ်နေ

တာချီလိတ်မြို့မရဲစခန်း ဝန်းအတွင်းရှိ ရဲလိုင်းခန်းတွင် ဗုံးပေါက်ကွဲမှုကြောင့် အဆောက်အဦးသာ ထိခိုက်သော်လည်း ရဲလိုင်းခန်းနေသူများ အထိတ်တလန့်ဖြစ်နေ
ဇန်နဝါရီ 14, 2022 | ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အပိုင်း တာချီလိတ်မြို့မရဲစခန်းဝန်းအတွင်းရှိ ရဲလိုင်းခန်း ဗုံးပေါက်ကွဲမှုကြောင့် အဆောက်အဦး  အနည်းငယ် ထိခိုက်သွားပြီး လူထိခိုက်ခြင်းမရှိကြောင်း သိရသည်။

တာချီလိတ်မြို့မရဲစခန်းဝန်း အတွင်းရှိ ရဲလိုင်းခန်းတွင် ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ (၁၄)ရက်နေ့ နံနက် (၁၁)နာရီကျော်အချိန်က ရဲဒုတပ်ကြပ် စိုင်းထက်အောင်  နှင့်  ဒုရဲအုပ် တင်ဇာထွန်းတို့၏ လိုင်းခန်းအနီးတို့တွင် ဗုံး(၂)လုံး ကျရောက် ပေါက်ကွဲသော်လည်း လူထိခိုက်မှုမရှိဟု ဆိုသည်။

လူထိခိုက်မှုတော့ မရှိဘူး။ အိမ်သာအနီးက ခေါင်းမိုး တံစက်မြိတ် မျက်နှာကျက် အနည်းငယ်နဲ့ အုတ်နံရံတွေ မိုင်းစ ထိတာတော့ ဖြစ်သွားတယ်။

ဟု အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်မြို့တွင် ဇန်နဝါရီလ၏ ဒုတိယပတ်အတွင်း ဗုံးကွဲမှု(၄)ကြိမ်ဖြစ်ပွားခဲ့ပြီး လူအနည်းဆုံး (၁၀)ဦးအထက် ဖမ်းဆီးစစ်ဆေးခံနေရပြီး အချို့ကိုလည်း အမှုဖွင့်ထားကြောင်း သိရသည်။