တာချီလိတ်မြို့တွင် ဗုံးပေါက်ကွဲမှုကြောင့်  လူငယ်တစ်ဦးကို ဖမ်းဆီး စစ်ဆေးပြီး ဗုံးကွဲမှုနှင့် မသက်ဆိုင်သော်လည်း Facebook ပေါ်တွင် အာဏာရှင်ဆန့်ကျင်၍ဟုဆိုကာ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် 

တာချီလိတ်မြို့တွင် ဗုံးပေါက်ကွဲမှုကြောင့်  လူငယ်တစ်ဦးကို ဖမ်းဆီး စစ်ဆေးပြီး ဗုံးကွဲမှုနှင့် မသက်ဆိုင်သော်လည်း Facebook ပေါ်တွင် အာဏာရှင်ဆန့်ကျင်၍ဟုဆိုကာ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် 
ဇန်နဝါရီ 14, 2022 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် (၃)ရက်ဆက်တိုက် ဗုံးပေါက်ကွဲမှုဖြစ်ပွားသည့် ကိစ္စနှင့် ပတ်သက်၍   သံသယရှိသူအချို့အား ခေါ်ယူစစ်ဆေးရာမှ ဗုံးပေါက်ကွဲမှုနှင့် မသက်ဆိုင်သော်လည်း Facebook တွင် စစ်တပ်ဆန့်ကျင်ရေး လုပ်ဆောင်သည်ဟုဆိုကာ NLD ပါတီဝင်တစ်ဦးဖြစ်သည့် လူငယ်တစ်ဦးအား ဖမ်းဆီးထားပြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။

၂၀၂၂ခုနှစ် ဇွန်လ(၁၂)ရက်နေ့ နေ့လည်ပိုင်းက တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်၊ ကျောက်တောင်(ဝမ်မိုင်)ရှိ နေအိမ်တွင် သက်ပိုင်စိုးအား တာချီလိတ်မြို့မရဲစခန်းက သွားရောက်ဖမ်းဆီးခဲ့ပြီး တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝေဖြိူးဦးက တရားလိုပြုလုပ်ကာ တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၁၃/၂၀၂၂၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

သံသယဖြင့် ဖမ်းဆီးခံရစဉ် ရဲတပ်ဖွဲ့က သက်ပိုင်စိုးအား ဖောက်ခွဲမှုနှင့် ပတ်သက်၍ PDF ဟု ဆိုသူများ၏ အမည်များကို ထုတ်ပြောရန်၊ နေအိမ်လိုက်ပြရန်၊ NLD ပါတီဝင်များတွင် PDF နှင့် ပတ်သက်ဆက်သွယ်နိုင်ချေရှိသူများကို ထုတ်ဖော်ရန် ယင်းသို့ ထုတ်ဖော်ဖြေကြားပေးပါက အမှုသက်သာမည်ဟု  ရဲတပ်ဖွဲ့၏ လိမ်လည် စစ်ဆေးမှုများကို ယုံကြည်ပြီး ၎င်းသိသည့် အမည်များကို ထုတ်ဖော်လိုက်သော်လည်း သက်ပိုင်စိုး၏ Facebook တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဖြန့်ဝေ ရေးသားခြင်းများတွေ့၍ဟုဆိုကာ   ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံလိုက်ရကြောင်း သိရသည်။

ယင်းနောက် တာချီလိတ်မြို့မှ NLD ပါတီဝင် တော်တော်များများ ဖမ်းဆီး စစ်ဆေးခံနေရပြီး ၎င်းထုတ်ဖော်သည့် PDF ဟု စွပ်စွဲခံထားရသူ (၉)ဦးကိုလည်း အကြမ်းဖက် ဥပဒေဖြင့် အမှုဖွင့်ခံထားရသည်ဟု သိရသည်။  

တာချီလိတ်မြို့တွင် ဇန်နဝါရီလ၏ ဒုတိယပတ်အတွင်း ဗုံးပေါက်ကွဲမှု (၄)ကြိမ်တိတိ ဖြစ်ပွားခဲ့သည်။