တာချီလိတ်မြို့ ရှမ်းရိုးမကွင်းထဲက အသီးရွက် သားငါး ဈေးသည်အချို့ မြို့မဈေးတွင် ယခင်နေရာ ပြန်မရ၍ အခက်တွေ့

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းထဲက အသီးရွက် သားငါး ဈေးသည်အချို့ မြို့မဈေးတွင် ယခင်နေရာ ပြန်မရ၍ အခက်တွေ့
ဧပြီ 7, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့၊ ရှမ်းရိုးမကွင်းအတွင်းသို့ Covid-19 အခြေအနေကြောင့် တစ်နှစ်ဝန်းကျင်အကြာ ရွှေ့ပြောင်းရောင်းချနေကြရသည့် ဟင်းသီးဟင်းရွက်၊ အသား ငါး ဈေးသည်များသည် ယခုအခါမှာ မြို့မ(ဝမ်ကောင်း)ဈေးသို့ ပြန်ရွှေ့ရမည်ဖြစ်သည့်အတွက် အချို့ဈေးသည်များမှာ နေရာအခက်အခဲများ ဖြစ်ပေါ်နေကြောင်းသိရသည်။

Covid-19 ထိန်းချုပ်နိုင်ရေး လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် တာချီလိတ်မြို့မ(ဝမ်ကောင်း)ဈေးထဲက ပျံကျဈေးသည်များကို  ၂၀၂၀ခုနှစ် ဧပြီလ(၁၉)ရက်နေ့က စ၍ ရှမ်းရိုးမကွင်းသို့ ယာယီရွေ့လိုက်သည့်အတွက် ယခုအခါမှာ မူလနေရာများ မရရှိတော့ခြင်းကြောင့် ဈေးသည်အချင်းချင်း နေရာအတွက် စကားများနေရသည်များလည်း ရှိနေကြောင်း သိရသည်။

စည်ပင်သာယာရေးဌာနက ပျံကျဈေးသည်များအတွက် မဲနှိုက်ပေးမည်ဟုလည်း သိရသည့်အတွက် မဲမပေါက်ပါက နေရာအခက်အခဲ ဖြစ်နိုင်ကြောင်း သိရသည်။

"ရှမ်းရိုးမကွင်းထဲမှာ တစ်နှစ်နီးပါး သွားရောင်းခဲ့ပြီး အခု ဈေးကြီးထဲ ပြန်ရွှေ့ရမယ်ဆိုတော့ အရင်က ကျွန်မတို့ ရောင်းခဲ့တဲ့ နေရာ ပြန်ရမလားဆိုပြီး သွားကြည့်တာ သူများ ဦးထားတယ်။ နေရာက မရတော့ဘူး။ အခု မဲနှိုက်ပေးမယ်လို့လည်း ပြောတယ်။ မဲမပေါက်ရင်တော့  ဘယ်လို လုပ်ရမလဲမသိဘူး။"ဟု ဈေးသည်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင် Covid-19 ရောဂါ ထိန်းချုပ်နိုင်ပြီဟု သတ်မှတ်ကာ  ဟင်းသီးဟင်းရွက်၊ အသား/ငါးများကို ရှမ်းရိုးမကွင်းအတွင်းမှ ဈေးသည်များကို ၂၀၂၁ခုနှစ် ဧပြီလ(၈)ရက်နေ့ နေ့လည်(၂)နာရီ နောက်ဆုံးထားကာ ဆိုင်ခန်းများ ဖျက်သိမ်းပြီး မူလနေရာများသို့ အသီးသီးပြောင်းရွှေ့ ရောင်းချရန် အသိပေးထားခြင်း ဖြစ်သည်။

ရှမ်းရိုးမကွင်းအတွင်းမှ ယာယီဈေးကို မူလနေရာများသို့ ပြောင်းရွှေ့ပြီးနောက် ရှမ်းရိုးမကွင်းရှေ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်တွင် ရောင်းချနေရသည့် ညဈေးဆိုင်များကိုလည်း ရှမ်းရိုးမကွင်းအတွင်းသို့ ပြန်လည်ပြောင်းရွှေ့ရန် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနက အစီအစဉ်ရှိနေကြောင်း သိရသည်၊။