တာချီလိတ်မြို့ တာလော့ရပ်ကွက်အတွင်း တစ်ပတ်ကျော်ကြာနေသည့် နုန်းနှင့်အမှိုက်အိတ်များ

တာချီလိတ်မြို့ တာလော့ရပ်ကွက်အတွင်း တစ်ပတ်ကျော်ကြာနေသည့် နုန်းနှင့်အမှိုက်အိတ်များ
နိုဝင်ဘာ 14, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့ တာလော့ရပ်ကွက်အတွင်း တာလော့ဈေးအနီးတွင် စွန့်ပစ်ရန် စုပုံထားသည့် နုန်းမြေနှင့်အမှိုက်အိတ်များမှာ သက်ဆိုင်ရာမှ လာရောက်သယ်ယူခြင်းမရှိဘဲ တစ်ပတ်ကျော်အထိ ကြာမြင့်နေကြောင်း သိရသည်။

"တစ်ပတ်ကျော်ပြီ ရေကြီးပြီးနောက်ပိုင်း နုန်းတွေတစ်ခေါက်လာတင်ပြီးပြီ။ နောက်ထပ်လာပုံထားတဲ့ နုန်းအိတ်တွေ အမှိုက်အိတ်တွေ တစ်ရက်ထက် တစ်ရက်ပိုပိုများလာတယ်။"ဟု တာလော့ရပ်ကွက်နေသူ တစ်ဦးက Tachileik News Agency သို့ နိုဝင်ဘာလ(၁၄)ရက်နေ့တွင် ပြောသည်။

တာလော့ရပ်ကွက်အတွင်း ပြီးခဲ့သည့် နိုဝင်ဘာလ၏ ပထမပတ်အတွင်းက ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီးနောက် တင်ကျန်ရစ်သည့် နုန်းနှင့်အမှိုက်များကို ရှင်းလင်းကြပြီး ပထမအသုတ်မှာ လာရောက်သယ်ဆောင်သွားပြီးဖြစ်သော်လည်း ယခုအခါမှာ ရက်ရှည်ကြာနေ၍ ဘေးအနီးနေသူများအတွက် အဆင်မပြေဖြစ်နေကြောင်းနှင့် ရုတ်တရက် မိုးထပ်ရွာပါက အခက်တွေ့နိုင်ကြောင်း အနီးနေသူများက ဆိုသည်။