မြန်မာ - လာအိုနယ်စပ်တွင် တာချီလိတ်ဘက်သို့ တရားမဝင်ခိုး ကူးလာသည့်  တရုတ်နိုင်ငံသား (၃)ဦးကို ဖမ်းမိ

မြန်မာ - လာအိုနယ်စပ်တွင် တာချီလိတ်ဘက်သို့ တရားမဝင်ခိုး ကူးလာသည့်  တရုတ်နိုင်ငံသား (၃)ဦးကို ဖမ်းမိ

မြန်မာ - လာအိုနယ်စပ်တွင် မဲခေါင်မြစ်ကို ဖြတ်ကျော်ပြီး တာချီလိတ်ဘက်သို့ တရားမဝင်ခိုး ကူးလာသည့်  တရုတ်နိုင်ငံသား (၃)ဦးကို ဖမ်းမိကြောင်း သိရသည်။



တာချီလိတ်မြို့နယ်အတွင်း မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ ရွှေတြိဂံပါရာဒိုက်ဟိုတယ်အနီး မယ်ဟုတ်ချောင်းကမ်းဘေးတွင် လာအိုနိုင်ငံဘက်မှ မဲခေါင်မြစ်ကြောင်းကို စက်လှေဖြင့် ကူးလာပြီး တာချီလိတ်ဘက်သို့ ဝင်လာသည့် တရုတ်နိုင်ငံသား (၃)ဦးကို ၂၀၂၂ခုနှစ် စက်တက်ဘာလ(၂၈)ရက်နေ့တွင် ဖမ်းမိခြင်း ဖြစ်ကြောင်းသိရသည်။

ဖမ်းမိသည့် တရုတ်နိုင်ငံသားများမှာ အသက်(၂၂)နှစ်အရွယ်ရှိ ဝမ်ကျင့်စန့်၊ အသက်(၁၈)နှစ်အရွယ်များဖြစ်သည့် ဟွမ်းကျင့်စန့် နှင့် ဝေဝှေ့တို့ဖြစ်ပြီး ၎င်းတို့ (၃)ဦးကို လဝကအက် ဖြင့် အရေးယူနိုင်ရန် ဝမ်ပုံနယ်မြေရဲစခန်းက ဆောင်ရွက်နေသည်ဟု သိရှိရသည်။

မြန်မာ - လာအိုနယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့နယ်အတွင်း မိုင်းဖုန်း(က)ကျေးရွာအုပ်စု၏ တဖက် လာအိုနိုင်ငံကနေ တရုတ်နိုင်ငံသားများ နှင့် လာအိုနိုင်ငံသားများမှာ စက်လှေများငှားရမ်းပြီး မဲခေါင်မြစ်ကို ဖြတ်ကျော်ကာ တာချီလိတ်သို့ တရားမဝင် ဝင်ရောက်လာလေ့ရှိပြီး တခါတရံမှသာ ဖမ်းဆီးရမိလေ့ရှိခြင်း ဖြစ်သည်။

အဆိုပါ မဲခေါင်မြစ်ကမ်းဘေး တလျှောက်တွင် စစ်တပ်နှင့်ရေကြောင်းရဲက အဓိက စောင့်ကြပ်ပြီး ဝမ်ပုံဆိပ်ကမ်းတွင် လဝက၊ စရဖ(စရတ)၊ စစ်တပ်၊ နယ်မြေခံရဲ၊ သတင်းရဲတပ်ဖွဲ့ (Special Branch - SB ) နှင့် သက်ဆိုင်ရာ တပ်ဖွဲ့ဝင်များရှိကြသည်။

#TachileikNewsAgency