လာအိုနိုင်ငံတွင် နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများထဲက မြန်မာဘက် စရိတ်ကျခံနိုင်သူများကိုသာ ဦးစားပေးခေါ်နေ၍ စားသောက်ရေး အခက်အခဲဖြစ်သူများ ထပ်မံ စောင့်ဆိုင်းနေရ

လာအိုနိုင်ငံတွင် နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများထဲက မြန်မာဘက် စရိတ်ကျခံနိုင်သူများကိုသာ ဦးစားပေးခေါ်နေ၍ စားသောက်ရေး အခက်အခဲဖြစ်သူများ ထပ်မံ စောင့်ဆိုင်းနေရ

မြန်မာနိုင်ငံဘက် နေရပ်ပြန်ရန် လပေါင်းများစွာ အလုပ်အကိုင်မရှိ စောင့်ဆိုင်းရင်း စားသောက်ရေး အခက်အခဲဖြစ်နေသူများမှာ စရိတ်ကျခံနိုင်သည့် လူဦးရေ (၄၀၀) လွှဲမည့်အသုတ်တွင် စာရင်းမသွင်းနိုင်ဘဲ ထပ်မံစောင့်ဆိုင်းနေကြရကြောင်း သိရသည်။

အရင်က တစ်ခါခေါ် လူ (၂၀၀) ဆိုတော့ ကိုယ်တွေအလှည့်မြန်မြန်ပြန်ပါအောင် လူဦးရေ တိုးခေါ်စေချင်တာ။ အခုလူဦးရေတိုးခေါ်တော့လည်း ပြန်စရိတ် တတ်နိုင်သူမှဆိုတော့ ကိုယ်တွေက မပါပြန်ဘူး။ တတ်နိုင်သူတွေလည်း အကုန်တော့ မပါသေးပါဘူး။ ဒါပေမဲ့ ပြန်စာရင်း ပါလာနိုးနဲ့စောင့်ရင်း ရှိတာလေးနဲ့ စားသောက်နေရတဲ့သူတွေကတော့ ထပ်ပြီးဒုက္ခရောက်ရအုံးမှာ။

ဟု လာအိုမှ နေရပ်ပြန်ရန် စောင့်ဆိုင်းနေသည့် မြန်မာလုပ်သားတစ်ဦးက Tachileik News Agency သို့ အောက်တိုဘာလ(၁၄)ရက်နေ့တွင် ပြောသည်။

ဇူလိုင်လကုန်မှစ၍ လက်ရှိအချိန်ထိ လာအိုဘက်မှ နေရပ်ပြန် (၃,၂၈၀)ဦးကို (၁၂) သုတ်ခွဲ၍ တာချီလိတ်ဘက်တွင် လက်ခံထားပြီး တစ်သုတ်လျှင် လူဦးရေ (၂၀၀) နှုန်းဖြင့် ဆက်လက်လက်ခံနေရာမှ တစ်သုတ်လျှင် လူဦးရေ (၄၀၀) သို့ တိုး၍ လက်ခံရန် အောက်တိုဘာလ (၁၂) ရက်နေ့က နှစ်နိုင်ငံ ခရိုင်အဆင့်က သဘောတူထားခဲ့ကြသည့်အတိုင်း လာအိုဘက်က စာရင်းကောက်နေခြင်းဖြစ်သည်။

အရင်ဆုံး ပိုက်ဆံရှိတဲ့သူတွေကို စာရင်းအရင်ကောက် ပေးပြန်တယ်။ အခုကျန်နေတဲ့သူတွေက တကယ့်ကို ဒုက္ခရောက်နေတဲ့သူတွေပါ။ ဒုက္ခရောက်နေတာလည်း မရေးရဲ၊ မတင်ရဲဘူး။ အခုလိုပြောတာသိတာ သူတို့သိမှာလည်း စိုးရိမ်ရပါတယ်။ အခုက ရခိုင်ရွာနဲ့ ဖော့ဆောင်မှာက ဒုက္ခရောက်နေကြတာ။ စားစရာကို မရှိကြလို့ ရှိတာရောင်းစားနေရတာတွေလည်း တစ်ပုံကြီးပဲ

ဟု နေရပ်ပြန်ရန် စောင့်ဆိုင်းနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

လာအိုရွှေတြိဂံအထူးစီးပွားရေးဇုန်ရှိ ရခိုင်ရွာ(မြန်မာရွာ)ကို ကိုဗစ်ကာကွယ်ရန်ဟုဆိုကာ လွန်ခဲ့သည့် (၇) လဝန်းကျင်ကတည်းက အသွားအလာကန့်သတ်ခြင်း၊ ကျေးရွာတွင်းနေထိုင်သူများအား လပေါင်းများစွာ Quarantine ဆောင်များသို့ပို့ခြင်း၊ နေရာသစ်ရွှေ့ပြောင်းခိုင်းခြင်းစသည့်အခက်အခဲများနှင့် အလုပ်အကိုင် လုပ်ကိုင်အဆင်မပြေကြသည့် အခက်အခဲများစွာဖြင့် နေရပ်ပြန်ရန် စောင့်ဆိုင်းနေကြရသဖြင့် စားဝတ်နေရေး ခက်ခဲနေကြခြင်းဖြစ်ကြောင်း သိရသည်။

ပြန်စာရင်းကောက်တာလည်း သူတို့ လုပ်ချင်သလို လုပ်တာပါ။ လူကြီးတွေကို မကျေနပ်လို့ မြန်မာတွေက Facebook ပေါ်ပြောမိရင် လူကြီးအဖွဲ့အစည်းဆီခေါ်ပြီး ဝန်ခံဂတိထိုးခိုင်းပါတယ်။ သူတို့နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ၊ ကဲ့ရဲ့မှုတွေ ထပ်မလုပ်ဖို့ ထိုးခိုင်းပါတယ်။ ကျွန်မတို့မှာ မကျေနပ်လည်း ငြိမ်ခံနေရပါတယ်။ စားစရာမရှိလို့ အကူအညီတောင်းလည်း မရပါဘူး။ လူကြီးတွေက  ဖုန်းတွေလည်း ယူစစ်တာတွေ လုပ်တတ်တယ်။ အဲဒါကတော့ အရင်လူတွေလည်း အဲဒီလိုပဲ။

ဟု မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောသည်။

လာအိုဘက်တွင် အခက်အခဲဖြစ်၍ နေရပ်ပြန်ရန် စာရင်းပေးပြီး စောင့်ဆိုင်းနေကြစဉ် မြန်မာဘက်၌ စစ်တပ်က အာဏာသိမ်းလိုက်သဖြင့် (၆)လနီးပါး နေရပ်ပြန်များအား လက်ခံနိုင်ခဲ့ခြင်းမရှိဘဲ ဇူလိုင်လကုန်မှစတင်ကာ လက်ခံနိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာဘက်မှ လက်ခံရန် (၆)လနီးပါးနှောင့်နှေးခဲ့သည့်ကာလအတွင်း အလုပ်အကိုင်မရှိဘဲ စောင့်ဆိုင်းခဲ့ရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများမှာ နေအိမ်အခန်း၏ အမိုးသွပ်များ၊ သစ်သားများ၊ စက်ဘီး၊ ဆိုင်ကယ် ရရာရောင်းချ၍ စားဝတ်နေရေးကို ဖြေရှင်းနေကြရပြီး အလုပ်အကိုင်မှ လတ်တလော စာချုပ်များကြောင့် နားလိုက်သူများမှာ နေရပ်ပြန်ရန် ငွေကြေးပေးနိုင်သဖြင့် နေရပ်ပြန်စာရင်းတွင် ပါဝင်ကြပြီဖြစ်ကြောင်း သိရသည်။



မြန်မာလုပ်သားများအား ကိုဗစ်စစ်ဆေးပေးခြင်း၊ Quarantine ထားခြင်းနှင့် မိုင်းမောဆိပ်ကမ်းအထိ ပို့ဆောင်ခြင်းကို လာအိုဘက်က  အကုန်အကျခံ၍ တာဝန်ယူပေးထားခြင်းဖြစ်သည်။

ယင်းနောက် မိုင်းမောဆိပ်ကမ်းမှ စက်လှေဖြင့် ကူးသွားသည်မှ တာချီလိတ် ဝမ်ပုံဆိပ်ကမ်း၌ ဆေးစစ်ခြင်း၊ Quarantine ထားခြင်း၊ နေရပ်အရောက် ကားခတို့ကို ပြီးခဲ့သည့် (၁၂) ကြိမ်အထိကို တာချီလိတ်ဘက်မှ တာဝန်ရှိသူများက တာဝန်ယူပေးခဲ့သော်လည်း (၁၃) ကြိမ်မြောက်လက်ခံမည့် လူ(၄၀၀)အတွက် ကုန်ကျစရိတ်ကို နေရပ်ပြန်များကိုယ်တိုင် ကျခံကြရမည်ဖြစ်ကြောင်း သိရသည်။

ပုံအညွှန်း - လာအိုနိုင်ငံတွင် နေရပ်ပြန်လိုသည့် မြန်မာများက နေအိမ်အခန်းများ၏ အမိုးသွပ်များ၊ သစ်သားများ၊ စက်ဘီးများက ရရာဈေးဖြင့် ရောင်းချကာ ဝမ်းရေးအတွက် ဖြေရှင်းနေရစဉ်

ဆက်စပ်သတင်း