လာအိုတွင် COVID 19 ကူးစက်မှုမြင့်လာ၍ Quarantine သတ်မှတ်ရက်ကို (၂၈)ရက်သို့ တိုးမြှင့်

လာအိုတွင် COVID 19 ကူးစက်မှုမြင့်လာ၍ Quarantine သတ်မှတ်ရက်ကို (၂၈)ရက်သို့ တိုးမြှင့်

လာအိုနိုင်ငံတွင် Quarantine Center မှ (၁၄) ရက်ပြည့်၍ ပြန်သွားသူများထံက COVID 19 ကူးစက်မှုကို တွေ့လာရသဖြင့် Quarantine သတ်မှတ်ရက်ကို (၁၄) ရက်မှ (၂၈) ရက်သို့ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သိရသည်။

လာအိုနိုင်ငံတွင် တစ်နေ့တာအတွင်း အတည်ပြုလူနာ (၂၆၇) ဦးတွေ့ရသဖြင့် အတည်ပြုလူနာ စုစုပေါင်း (၇,၇၇၈) ဦးရှိလာပြီဖြစ်ကြောင်း ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၆) ရက်နေ့တွင် လာအိုနိုင်ငံ COVID 19 နိုင်ငံအဆင့် အလုပ်အဖွဲ့က သတင်းထုတ်ပြန်သည်။

ထိုင်းနိုင်ငံမှ ဝင်လာသူများတွင် COVID 19 ပိုးတွေ့နေရာမှ ပြည်တွင်းကူးစက်မှုအချို့ကိုလည်း တွေ့လာရပြီး ယနေ့ထုတ်ပြန်သည့် အတည်ပြုလူနာများတွင်လည်း ပြည်တွင်းကူးစက်မှု (၁၀) ဦးပါဝင်သည့်အနက် ဘိုကျောက်ပြည်နယ် တုန်ဖိန်းခရိုင်မှ (၈) ဦးပါဝင်သည်ဟု သိရသည်။

လာအိုနိုင်ငံတွင်းသို့ ဝင်လာသူအားလုံးကို COVID 19 စစ်ဆေးပြီး ပိုးတွေ့သူများကို ဆေးရုံကုသဆောင်များသို့ ချက်ချင်းပို့ဆောင်ကုသကာ ပိုးမတွေ့သူများကို Quarantine Center များတွင် အသွားအလာကန့်သတ်ထားခြင်းဖြစ်သည်။

နယ်စပ်ခိုးဝင်ပေါက်များအား လုံခြုံရေးတင်းကြပ်ထားပြီး နိုင်ငံအတွင်း ဝင်လာသူများအား COVID 19 စစ်ဆေးကာ Quarantine Center (၇၉) ခုနှင့် ဟိုတယ် quarantine (၄၄) လုံးတို့တွင် အသွားအလာကန့်သတ်ထားသူ (၁) သိန်းကျော်ရှိနေသည်ဟု သိရသည်။

Source:  Laotian Times