မာလာဝီနိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူ ၂၀၀ နီးပါးအထိ မြင့်တက်လာ

မာလာဝီနိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူ ၂၀၀ နီးပါးအထိ မြင့်တက်လာ
By Mr John

မာလာဝီနိုင်ငံ တောင်ပိုင်းတစ်လျှောက် ဆိုင်ကလုန်းမုန်တိုင်း ဖရက်ဒီ (Cyclone Freddy) ဖြတ်သန်းတိုက်ခတ်ပြီးနောက် သေဆုံးသူအရေအတွက်မှာ အနည်းဆုံး (၁၉၀) ဦးအထိ မြင့်တက်လာခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနက မတ်လ (၁၄) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မာလာဝီနိုင်ငံတဝန်းတွင် မတ်လ (၁၃) ရက်နေ့က မုန်တိုင်းတိုက်ခတ်ပြီးနောက် (၅၈၄) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး (၃၇) ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

ဆိုင်ကလုန်းဖရက်ဒီမှာ အားလျော့နည်းလာသော်လည်း နိုင်ငံတောင်ပိုင်းခရိုင်များ၏ နေရာအများစုတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်မှုများ ဆက်လက်ဖြစ်ပေါ်နေမည်ဟု မာလာဝီနိုင်ငံ သဘာဝအရင်းအမြစ်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးဌာနက မတ်လ (၁၄) ရက်နေ့တွင် ထုတ်ပြန်သည်။ 

ကြီးမားသည့် ရေကြီးရေလျှံမှုနှင့် အပျက်အစီးဖြစ်ပေါ်စေနိုင်သည့် လေပြင်းတိုက်မှုများ ဖြစ်နိုင်ခြေ အလွန်မြင့်မားနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မာလာဝီတောင်ပိုင်း၌ အခြေအနေ ပိုမိုဆိုးရွားခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန အကြီးအကဲ Chalres Kalemba က CNN သတင်းဌာနကို မတ်လ (၁၄) ရက်နေ့တွင် ပြောသည်။ 

မာလာဝီနိုင်ငံ ရာသီဥတုပြောင်းလဲမှုနှင့် မိုးလေဝသဌာနက အပျက်အစီးဖြစ်ပေါ်စေနိုင်သည့် လေပြင်းတိုက်ခတ်မှုများနှင့် ကြီးမားသည့် ရေကြီးရေလျှံမှု ဖြစ်ပေါ်နိုင်ခြေ အလွန်မြင့်မားကြောင်း မတ်လ (၁၃) ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

မာလာဝီတွင် မတ်လ (၁၅)ရက်နေ့တွင် မုန်တိုင်းဖြတ်သန်းပြီးစီးမည်ဟု ခန့်မှန်းထားပြီး မိုးလေဝသအခြေအနေ ပိုကောင်းလာဖွယ်ရှိသည်ဟု ခန့်မှန်းထားကြသည်။ 

မတ်လ (၁၄) ရက်နေ့တွင်မူ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုများ ဖြစ်ပေါ်နေဆဲဖြစ်ပြီး အခြေအနေဆိုးနေဆဲဖြစ်ကြောင်း သိရသည်။

အလားတူ မိုဇမ်ဘစ်နိုင်ငံတွင်လည်း ဆိုင်ကလုန်းဖရက်ဒီ တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ (၁၀) ဦးထက်မနည်း သေဆုံးခဲ့ပြီး (၁၃) ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

 ဆိုင်ကလုန်းဖရက်ဒီသည် မိုဇမ်ဘစ်နိုင်ငံကို ပထမအကြိမ် ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် သီတင်း (၂) ပတ်အကြာ မတ်လ (၁၂) ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံဝင်ရောက်ခဲ့ခြင်းလည်းဖြစ်ပြီး အချိန်အရှည်ကြာဆုံး ဆိုင်ကလုန်းမုန်တိုင်းအဖြစ် စံချိန်ချိုးခဲ့ကြောင်း သိရသည်။

Radio Mozambique ၏ သတင်းအရ အပူပိုင်းမုန်တိုင်းကြောင့် မိုဇမ်ဘစ်တွင် လူဦးရေ (၂၂,၀၀၀) ကျော် နေရာရွှေ့ပြောင်းခဲ့ရသည်ဟု ဆိုသည်။

 ရွှေ့ပြောင်းရသူဦးရေမှာ ပိုများလာနိုင်ကြောင်း မိုဇမ်ဘစ်တွင် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့(UNICEF) အတွက် အလုပ်လုပ်ကိုင်နေသူ Guy Taylor က CNN ကို မတ်လ (၁၄) ရက်နေ့တွင် ပြောကြားထားသည်။

Source: CNN