(၂၅) နှစ်ကြာ ရေအောက်နစ်မြုပ်နေခဲ့ရာမှ ပြန်ပေါ်ထွက်လာသည့် အာဂျင်တီးနားနိုင်ငံရှိ အပန်းဖြေစခန်း 

(၂၅) နှစ်ကြာ ရေအောက်နစ်မြုပ်နေခဲ့ရာမှ ပြန်ပေါ်ထွက်လာသည့် အာဂျင်တီးနားနိုင်ငံရှိ အပန်းဖြေစခန်း 
ဇူလိုင် 11, 2022 | နိုင်ငံတကာသတင်း
By Mr John

တစ်ချိန်က စည်ကားခဲ့သော်လည်း ယခုအခါတွင်မူ သစ်ခြောက်ပင်များနှင့် ပျက်စီးနေသော အိမ်ဟောင်းများသာရှိတော့ပြီး တိတ်ဆိတ်ခြောက်ကပ်နေသည့် အာဂျင်တီးနားနိုင်ငံမှ အပန်းဖြေစခန်းသည် ယခုအခါတွင် ကမ္ဘာ့အံ့ဩထိတ်လန့်ဖွယ်အကောင်းဆုံး ခရီးသွားနေရာများအနက် တစ်ခုဖြစ်လာခဲ့သည်။ 

ယခင်က အောင်မြင်ကျော်ကြားသော အပန်းဖြေစခန်းအဖြစ် ခရီးသွားလာရောက်မှု များပြားခဲ့သော Villa Epecuén အမည်ရှိ အာဂျင်တီးနား ကမ်းခြေရွာလေးမှာ ၁၉၈၅ ခုနှစ် နိုဝင်ဘာလ (၆) ရက်နေ့တွင် ရှားပါးထူးခြားသည့် မိုးလေဝသဖြစ်စဥ်နှင့်အတူ မုန်တိုင်းတစ်ခုအတွင်း ရေအောက်နစ်မြုပ်သွားခဲ့သည်။

ထိုစဥ်က ထူးခြားသည့် မိုးလေဝသဖြစ်စဥ်အတွင်း အနီးအနားရှိ Epecuén ရေကန်ကြီး (Lake Epecuén) ၏ ကန်ဘောင် ကျိုးပေါက်သွားခဲ့ပြီး ထွက်ကျလာသည့် ရေများအောက်သို့ အပန်းဖြေစခန်း ကျေးရွာလေးတစ်ရွာလုံး နစ်မြုပ်သွားခဲ့သည်။ 

ထိုသို့ အပန်းဖြေစခန်းနေရာတစ်ခုလုံး ရေအောက်နစ်မြုပ်သွားမှုမှာ (၂၅) နှစ်အထိပင် ကြာမြင့်ခဲ့သည်။ 

၂၀၁၀ ခုနှစ်တွင်မူ ရေများပြန်ကျသွားခဲ့ရာ အပန်းဖြေစခန်းနေရာ ပြန်ပေါ်ထွက်လာခဲ့ပြီး တစ်ချိန်က ရှိခဲ့သမျှအားလုံးကို အပျက်အစီးများအဖြစ် မြင်တွေ့ကြရသည်။ 

ထိုမြင်ကွင်းကပင် အလွန်ကွဲပြားထူးခြားနေပြီး ခရီးသွားများကို ဆွဲဆောင်နေပြန်သည်။

Epecuén ရေကန်ကြီးမှာ ဆားပါဝင်မှုမြင့်မားသည့် ရေကန်ကြီးဖြစ်ရာ ရေမြုပ်နေခဲ့ရာမှ ပြန်ပေါ်ထွက်လာသည့် Villa Epecuén အပန်းဖြေစခန်း၏ ပျက်စီးနေသော အဆောက်အအုံများ၊ နေအိမ်များနှင့် နေရာများတွင် အဖြူရောင်ဆားများ ဖုံးအုပ်နေခဲ့သည်။ 

အာဂျင်တီးနားမြို့တော် ဗျူနိုအေရီစ်မြို့မှ အနောက်ဘက် မိုင် (၅၀၀) ခန့်အကွာတွင်ရှိသည့် ထိုနေရာမှာ ဆားငန်ရေထဲတွင် နှစ်ကာလရှည်ကြာစွာ နစ်မြုပ်သွားခဲ့ပြီး လူနေထိုင်ခြင်းမရှိတော့သလို ပြန်လည်တည်ဆောက်ရေးလည်း လုပ်ဆောင်ခြင်းမရှိရာ အချို့က တစ္ဆေမြို့လေးဟု ခေါ်ဝေါ်ကြသည်။

Villa Epecuén အပန်းဖြေစခန်းနေရာကို ရေလွှမ်းသွားခဲ့စဥ်က ရေမျက်နှာပြင်မှာ အမြင့်ဆုံး (၃၃) ပေအထိ ရောက်ရှိခဲ့သည်ဟုလည်း ဆိုသည်။ 

တစ်ချိန်က ထိုအပန်းဖြေစခန်းတွင် တည်းခိုရန်အိမ်ငယ်များ၊ ဧည့်ရိပ်သာများ၊ ဟိုတယ်များနှင့် အခြား စီးပွားရေးလုပ်ငန်းများ အပါအဝင် စီးပွာရေးလုပ်ငန်းနေရာ (၂၈၀) အထိရှိခဲ့ပြီး ၁၉၅၀ ပြည့်လွန်နှစ်များမှ ၁၉၇၀ ပြည့်လွန်နှစ်များအထိ နှစ်စဥ် နိုဝင်ဘာလနှင် မတ်လကြား ခရီးသွား ၂၅,၀၀၀ လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

Source: Mirror

Photo: JUAN MABROMATA/AFP/Getty Images