လာအိုနယ်စပ်မှ ထောင်နှင့်ချီသော မြန်မာများ နေရပ်ပြန်ရန် လပေါင်းများစွာ စောင့်ဆိုင်းနေရ၍ အခက်အခဲ ဖြစ်နေ

လာအိုနယ်စပ်မှ ထောင်နှင့်ချီသော မြန်မာများ နေရပ်ပြန်ရန် လပေါင်းများစွာ စောင့်ဆိုင်းနေရ၍ အခက်အခဲ ဖြစ်နေ
အောက်တိုဘာ 10, 2021 | အလုပ်သမားရေးရာ
By Tachileik News Agency

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နှင့်အနီး လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် အခက်အခဲဖြစ်နေသည့် ထောင်နှင့်ချီသော မြန်မာလုပ်သားများသည် နေရပ်ပြန်နိုင်ရေး အလုပ်အကိုင်မရှိဘဲ လပေါင်းများစွာ စောင့်ဆိုင်းနေရ၍ စားဝတ်နေရေးအကျပ်အတည်းပါဖြစ်နေကြကြောင်း သိရသည်။

တစ်ခေါက် တစ်ခေါက် ပြန်ဖို့စာရင်းက လူ (၂၀၀)မှာ ရွာထဲက အုပ်ချုပ်ရေးမှူး (၄) ယောက်က အုပ်ချုပ်ရေးမှူး တစ်ယောက်ကို (၁၀) ယောက်နှုန်းနဲ့ လူ (၄၀) စာရင်းထည့်တယ်။ ကျန်တာထဲကမှ ဒီရွာထဲက အပိုင်း (၄) ပိုင်းလုံးကို မကောက်ဘူး။ A အပိုင်းပဲ စာရင်းကောက်ပြီး ပြည့်သွားပြန်ရော။ သူတို့အဆင်ပြေသလို စာရင်းကောက်တယ်။ ပိုက်ဆံပေးနိုင်ရင် စာရင်းထဲပါတယ်။ တစ်ယောက်ကို ယွမ် (၃၀၀)ကနေ (၅၀၀) လောက်ထိ ပေးရတယ်။ ဖြစ်နိုင်ရင် အဲဒီဘက်က တစ်ခါခေါ် လူ (၅၀၀) လောက်ခေါ်ပေးရင် မြန်မြန်ပြန်ရမှာပဲ။ မဟုတ်ရင် အလုပ်ကလည်း မလုပ်ရတာ (၆)လလောက်ရှိပြီဆိုတော့ စားသောက်ရေးကအစ ခက်နေပြီ

ဟု လာအို ရွှေတြိဂံအထူးစီးပွားရေးဇုန်မှ မြန်မာလုပ်သားတစ်ဦးက Tachileik News Agency သို့ အောက်တိုဘာလ(၁၀)ရက်နေ့တွင် ပြောသည်။

လာအိုနိုင်ငံ ဘိုကျောက်ပြည်နယ်၊ တုန့်ဖိန်းခရိုင်ရှိ ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် မြန်မာရွှေ့ပြောင်းလုပ်သားများ နေထိုင်ရာကျေးရွာကို COVID 19 ကာကွယ်ရေးအတွက်ဟု လွန်ခဲ့သည့် (၆)လဝန်းကျင်ကတည်းက အသွားအလာကန့်သတ်လိုက်ရာမှ အလုပ်လုပ်ကိုင်ခွင့်အခက်အခဲဖြစ်သွားကြပြီး ပိတ်ထားသည့် နှစ်နိုင်ငံနယ်စပ်မှ နေရပ်ပြန်ခွင့်ရရန် စောင့်ဆိုင်းနေခဲ့ကြခြင်းဖြစ်သည်။

မြန်မာရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်ရန် အဆိုပါစီးပွားရေးဇုန် တာဝန်ရှိသူများက စာရင်းအကြိမ်ကြိမ် ကောက်ယူခဲ့ပြီး လက်ရှိတွင်လည်း စာရင်းများထပ်မံကောက်နေသဖြင့် မည်သည့်စာရင်းကို စောင့်ရမည်ကို မသိဘဲဖြစ်နေကြကြောင်း သိရသည်။

ကျွန်တော်တို့ စာရင်းပေးပြီး ပြန်ပို့တာ (၅) သုတ်၊ (၆) သုတ်လောက်ရှိပြီ။ ကျွန်တော်တို့က ခုထိ အလှည့်မပါသေးဘူး။ အခုလည်း စာရင်းကောက်နေတုန်းပဲ။ ဘယ်လိုတွေကောက်နေမှန်းတော့ မသိဘူး။ ပြန်မှာက (၂၀၀၀) လောက်ရှိအုံးမယ်။ ဒါက ပြန်မယ့်လူကတိုးနေတုန်းပဲ။ အလုပ်လုပ်မယ်ဆိုပြီး ဖော့ဆောင်ဘက် ပြောင်းသွားပြီးမှ အဆင်မပြေလို့ နေရပ်ပြန်မယ်ဆိုပြီး ရွာထဲပြန်ဝင်လာတာ မနေ့ညကကိုပဲ (၆၀) လောက်ရှိတယ်။

ဟု မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးကပြောသည်။

ယနေ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁၀)ရက်နေ့တွင်လည်း မြန်မာရွှေ့ပြောင်းလုပ်သားများ နေထိုင်ရာ ကျေးရွာအတွင်း နေရပ်ပြန်စာရင်းထပ်ကောက်နေပြီး စာရင်းတွင်ပါဝင်ရန် ငွေကြေးလက်သိပ်ထိုးယူ၍ လုပ်ပေးနေသည်ကို သိကြသော်လည်း လပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်ရသည့် မိသားစုများအနေဖြင့် အဆိုပါငွေကြေးကို မပေးနိုင်ကြဘဲဖြစ်နေကြောင်း သိရသည်။

တစ်ချို့တွေကျ အလုပ်ကနားကာစဆိုတော့ လက်ထဲပိုက်ဆံရှိသေးတယ်။ ပြန်စာရင်းပါအောင် ပိုက်ဆံပေးကြတယ်။ ကျွန်တော်တို့မှာက အလုပ်ကနားတာ (၆)လလောက်ရှိပြီဆိုတော့ စားစရာတောင် အနိုင်နိုင်။ မပေးနိုင်ဘူး။ အဲဒီတော့ စာရင်းမှာ မပါတော့ဘူး။ အခုက ရွာထဲက အပိုင်းလေးပိုင်းရှိတာ လေးပိုင်းအညီအမျှစာရင်းကောက်တာမဟုတ်ဘူး။ A အပိုင်းပဲ စာရင်းကောက်သွားပြီး လူစာရင်းပြည့်သွားပြန်ရောဖြစ်နေတာ။ နောက်ပြီး သူတို့က အိမ်တွေအစဉ်လိုက် လိုက်ကောက်မယ်ဆို ကိုယ့်အိမ်ကိုယ် စောင့်နေကြမှာပေါ့။ အဲလိုလည်းမဟုတ် ကောက်ချင်သလို ဝင်ကောက်နေတော့ စာရင်းထဲပါချင်ကြသူတွေက စာရင်းကောက်အရင်ရောက်မယ်ထင်တဲ့အိမ် သွားစုစောင့်ကြနဲ့ လူစုလူဝေးဖြစ်နေတယ်

ဟု မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ဆိုသည်။

လာအိုဘက်မှ မြန်မာနိုင်ငံသားများ နေရပ်ပြန်ခွင့်မှာ စစ်တပ်က အာဏာသိမ်းမှုကြောင့် လပေါင်းများစွာ နှောင့်နှေးခဲ့ရပြီးနောက် ဇူလိုင်လ (၃၀) ရက်နေ့မှ စတင်လက်ခံနိုင်ခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လအတွင်း (၇) ကြိမ်၊ စက်တင်ဘာလအတွင်း (၃)ကြိမ်နှင့် အောက်တိုဘာလအတွင်း (၁) ကြိမ် စုစုပေါင်း လွှဲပြောင်းမှု (၁၂) ကြိမ်အတွင်း မြန်မာနိုင်ငံသား အမျိုးသား (၂၀၇၆)ဦးနှင့် အမျိုးသမီး (၁၂၀၄) ဦး စုစုပေါင်း (၃၂၈၀) ဦး နေရပ်ပြန်လာနိုင်ကြခြင်းဖြစ်သည်။