လာအိုနိုင်ငံမှ နေရပ်ပြန်ရန် စောင့်ဆိုင်းနေသည့် မြန်မာများ အခက်အခဲဖြစ်နေ၍ သွပ်အမိုးပါ ခွာရောင်းပြီး စားဝတ်နေရေး ဖြေရှင်းနေရ

သွပ်ခွာရောင်းထားရသည့် နေအိမ်
သွပ်ခွာရောင်းထားရသည့် နေအိမ်
လာအိုနိုင်ငံမှ နေရပ်ပြန်ရန် စောင့်ဆိုင်းနေသည့် မြန်မာများ အခက်အခဲဖြစ်နေ၍ သွပ်အမိုးပါ ခွာရောင်းပြီး စားဝတ်နေရေး ဖြေရှင်းနေရ
By Tachileik News Agency

လာအိုမှ နေရပ်ပြန်စောင့်ဆိုင်းနေသည့်မြန်မာများ အခက်အခဲဖြစ်၍ သွပ်အမိုးပါခွာရောင်းနေရ

လာအိုနိုင်ငံဘက်မှ နေရပ်ပြန်ခွင့်ရရန် လပေါင်းများစွာ စောင့်ဆိုင်းနေရသည့် မြန်မာလုပ်သားများမှာ အလုပ်အကိုင် လုပ်ခွင့်မရသဖြင့် အခက်အခဲဖြစ်ကာ နေအိမ်အမိုးသွပ်ပြားပါခွာရောင်း၍ စားဝတ်နေရေး ဖြေရှင်းနေရကြောင်း သိရသည်။

သွပ်ခွာရောင်းထားရသည့် နေအိမ်

“ပြန်စာရင်းပါမယ် ပါမယ်ဆိုပြီးစောင့်နေတာ အခုထိ မပါသေးဘူး။ (၆) လလောက်ရှိနေပြီဆိုတော့ စားရေးသောက်ရေးတောင် အဆင်မပြေကြတာ များတယ်။ ပြန်စာရင်းပါအောင်စောင့်ရင်း ရှိတာလေး ထုတ်ရောင်းစားနေကြရတာ။ ဆိုင်ကယ်၊ စက်ဘီးတင်မကဘူး နေတဲ့အိမ်အမျိုးသွပ်ပါ ခွာရောင်းနေရတာ”ဟု လာအိုရွှေတြိဂံအထူးစီးပွားရေးဇုန်မှ မြန်မာလုပ်သားတစ်ဦးက Tachileik News Agency သို့ အောက်တိုဘာလ(၁၂)ရက်နေ့တွင် ပြောသည်။

လာအိုရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် COVID 19 ကာကွယ်ရေးအတွက် မြန်မာလုပ်သားများနေထိုင်ရာ ရခိုင်ရွာ (မြန်မာရွာ)ကို lock down လုပ်ထားခြင်း၊ Quarantine Center များသို့ လပေါင်းများစွာ ပို့ဆောင်ခံရခြင်းများကြောင့် လုပ်ငန်းလုပ်ကိုင်နိုင်ခြင်းမရှိတော့၍ နေရပ်ပြန်ရန် စာရင်းပေး၍ စောင့်ဆိုင်းနေကြစဉ် မြန်မာဘက်၌ စစ်တပ်က အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် နေရပ်ပြန်ရန် လပေါင်းများစွာ ထပ်မံကြန့်ကြာခဲ့ကြရသဖြင့် စားဝတ်နေရေးအခက်အခဲဖြစ်ကြရသည်ဟု သိရသည်။

ဝယ်သူမရှိတော့၍ ထားခဲ့ရသည့် စက်ဘီးများ



“ရှိတာရောင်းစားရတာကလည်း ဆိုင်ကယ်ဆို ကိုယ်ဝယ်တဲ့ဆိုင်ဘက် ပြန်ရောင်းရင် ဈေးရတယ်။ လော့ဒေါင်းနဲ့သွားမရတော့ ဒီမှာပဲရောင်းရတော့ တစ်စီးမှ ယွမ် (၆၀၀) လောက်ကနေ ယွမ် (၃၀၀)လောက် ရောင်းရတာ။ အဲဒါကိုမှ ရွာပေါက်စောင့်တဲ့သူကို ယွမ် (၁၀၀) ပေးရသေးတယ်။ စက်ဘီးဆို အရင်က ယွမ် (၅၀)၊ (၁၀၀)လောက်ရနေတာကနေ  သယ်မရလို့ ဒီတိုင်းထားခဲ့ကြတော့ ပုံနေတာပဲ။ ပြန်ရောင်းမယ်ဆိုတော့လည်း ဝယ်မယ့်သူတောင် မရှိတော့ဘူး။ သွပ်အမိုးခွာရောင်းတော့လည်း သိပ်တောင် မဝယ်ချင်ကြတော့ဘူး။ ရှိတာရောင်းစားကြရတာပဲ”ဟု မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ရခိုင်ရွာတွင်းအခြေအနေကို ပြောပြသည်။

လာအိုဘက်မှ နေရပ်ပြန်မည့်မြန်မာများမှာ ဖေဖေါ်ဝါရီလက အာဏာသိမ်းမှုကြောင့် ပြန်လာနိုင်ခြင်းမရှိကြတော့ဘဲ ဇူလိုင်လကုန်မှ မြန်မာဘက်က ပြန်လည်၍ စတင်လက်ခံနေခြင်းဖြစ်သည်။၀

ဆက်စပ်သတင်း