ယူကရိန်းအတွက် ဒေါ်လာ (၂) ဘီလီယံကျော် တန်ဖိုးရှိ စစ်လက်နက်ပစ္စည်း အကူအညီများပေးအပ်ရန် အမေရိကန် အသင့်ပြင်နေ

Photo: REUTERS/Gleb Garanich
Photo: REUTERS/Gleb Garanich
ယူကရိန်းအတွက် ဒေါ်လာ (၂) ဘီလီယံကျော် တန်ဖိုးရှိ စစ်လက်နက်ပစ္စည်း အကူအညီများပေးအပ်ရန် အမေရိကန် အသင့်ပြင်နေ
ဖေဖော်ဝါရီ 2, 2023 | နိုင်ငံတကာသတင်း
By Mr John

အမေရိကန်နိုင်ငံက ယူကရိန်းအတွက် ဒေါ်လာ (၂) ဘီလီယံကျော် တန်ဖိုးရှိ စစ်လက်နက်ပစ္စည်း အကူအညီများ ပေးအပ်သွားရန် အသင့်ပြင်နေပြီး ပထမဆုံးအကြိမ်အဖြစ် တာဝေးပစ်ဒုံးကျည်များ ပါဝင်လာနိုင်ကြောင်းနှင့် အခြား ခဲယမ်းမီးကျောက်နှင့် လက်နက်များလည်း ပါဝင်မည်ဟု အမေရိကန်အစိုးရအရာရှိ (၂) ဦးကို Reuters သတင်းဌာနကို ဇန်နဝါရီလ (၃၁) ရက်တွင် ပြောသည်။

ယူကရိန်းအတွက် စစ်လက်နက်ပစ္စည်း အကူအညီပေးအပ်မည့် အစီအစဥ်ကို အစောဆုံးအဖြစ် ယခုသီတင်းပတ်အတွင်း ကြေညာသွားမည်ဟု မျှော်လင့်ရကြောင်း ထိုအရာရှိများက ဆိုသည်။ 

ယခုတစ်ကြိမ် ယူကရိန်းကို ပေးအပ်သွားမည့် စစ်နက်ပစ္စည်းအကူအညီများတွင် Patriot လေကြောင်းကာကွယ်ရေးစနစ်များ၊ ပစ်မှတ်တိကျသည့် လက်နက်ခဲယမ်းများနှင့် Javelin တင့်ကားဖျက်လက်နက်များ ပါဝင်နိုင်ကြောင်း ၎င်းတို့က ဖြည့်စွက်ပြောသည်။

အမေရိကန်အစိုးရအရာရှိတစ်ဦး၏ အဆိုအရ ဒေါ်လာ (၁.၇၂၅) ဘီလီယံ တန်ဖိုးရှိမည်ဟု မျှော်လင့်ရသည့် ယခုပေးအပ်သွားမည့် အကူအညီမှာ ယူကရိန်းလုံခြုံရေး ထောက်ပံ့ကူညီမှု အစီအစဥ် Ukraine Security Assistance Initiative (USAI) ရန်ပုံငွေမှဖြစ်ကြောင်း သိရသည်။ 

သမ္မတဂျိုးဘိုင်ဒန် အစိုးရက ယူကရိန်းအတွက် လက်နက်များကို အမေရိကန်လက်နက်တိုက်မှ ပေးအပ်ခြင်းထက် လက်နက်ထုတ်လုပ်ရေးကုမ္ပဏီများထံမှ ဝယ်ယူရရှိရန် ထိုရန်ပုံငွေကို ခွင့်ပြုပေးထားခြင်းလည်း ဖြစ်သည်။

USAI ရန်ပုံငွေဖြင့် လက်နက်အသစ်ဝယ်ယူရေးကို ဦးတည်ဆောင်ရွက်သွားမည်ဟု ဆိုသည်။ 

ထိုလက်နက်သစ်မှာ Boeing Co. ကုမ္ပဏီထုတ် Launched Small Diameter Bomb (GLSDB) ဖြစ်ပြီး (၉၄) မိုင် အကွာအဝေးအထိ ပစ်ခတ်နိုင်ကြောင်း သိရသည်။ 

ယူကရိန်းက တောင်းဆိုထားသည့် (၁၈၅) မိုင် အကွာအဝေးအထိ ပစ်ခတ်နိုင်သော ATACMS ဒုံးကျည်များ ပေးအပ်ရန်ကိုမူ အမေရိကန်က ငြင်းဆန်ထားခဲ့သည်။

တာဝေးပစ်လက်နက် GLSDB က ယူကရိန်းတပ်ဖွဲ့များအတွက် ပိုမိုဝေးကွာသည့် ရုရှားပစ်မှတ်များကို တိုက်ခိုက်လာနိုင်စေမည်ဖြစ်ပြီး တန်ပြန်ထိုးစစ် ဆက်လက် အားကောင်းနေစေမည်ဟု ဆိုသည်။ 

နွေဦးရာသီတွင် ယူကရိန်းသို့ GLSDB လက်နက်များ ရောက်ရှိလာမည်ဟု မျှော်မှန်းထားသည်။ 

GLSDB ကို SAAB AB နှင့် Boeing ကုမ္ပဏီတို့က ပူးပေါင်းထုတ်လုပ်ထားခြင်း ဖြစ်သည်။

USAI ရန်ပုံငွေကို HAWK လေကြောင်းကာကွယ်ရေးစနစ်၏ နောက်ထပ် အစိတ်အပိုင်းများ၊ ဒရုန်းပစ်လက်နက်စနစ်များ၊ အမြောက်ဖျက်ဆီးရေးလက်နက်နှင့် လေကြောင်းထောက်လှမ်းရေးရေဒါများ၊ ဆက်သွယ်ရေးပစ္စည်းများ၊ PUMA ဒရုန်းများ၊ Patriot နှင့် Bradley ကဲ့သို့ အဓိက စစ်လက်နက်ပစ္စည်းစနစ်များအတွက် အပိုပစ္စည်းများ ဝယ်ယူရာတွင်လည်း အသုံးပြုသွားမည်ဟု အမေရိကန်အရာရှိတစ်ဦးက ပြောသည်။

ယူကရိန်းအတွက် USAI ရန်ပုံငွေများအပြင် Presidential Drawdown Authority ရန်ပုံငွေမှ ဒေါ်လာ သန်း (၄၀၀) ကျော်တန်ဖိုးရှိ အကူအညီကိုလည်း ပေးအပ်သွားမည်ဟု မျှော်လင့်ရသည်။ 

ထိုအကူအညီတွင် မိုင်းဒဏ်ခံနိုင်သော mine-resistant ambush-protected (MRAPs) ယာဥ်များ၊ ပစ်မှတ်လမ်းညွှန်စနစ်ပါဝင်ပြီး ဒုံးကျည်များ တစ်ပြိုင်နက်တည်း ပစ်လွှတ်နိုင်သော guided multiple launch rocket systems (GMLRS) စနစ်များနှင့် ခဲယမ်းများ ပါဝင်မည်ဟု ဆိုသည်။

 ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ရုရှားကျူးကျော်မှုနောက်ပိုင်း အမေရိကန်က ယူကရိန်းသို့ ခန့်မှန်းခြေ ဒေါ်လာ (၂၇.၂) ဘီလီယံ တန်ဖိုးရှိ လုံခြုံရေးအကူအညီများ ပေးပို့ခဲ့ပြီး ဖြစ်သည်။

Source: Reuters