ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသတွင် သက်ကြီးရွယ်အိုဂေဟာ မီးလောင်မှုအတွင်း အနည်းဆုံး လူ (၂၂) ဦး သေဆုံး

ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသတွင် သက်ကြီးရွယ်အိုဂေဟာ မီးလောင်မှုအတွင်း အနည်းဆုံး လူ (၂၂) ဦး သေဆုံး
ဒီဇင်ဘာ 25, 2022 | နိုင်ငံတကာသတင်း
By Mr John

ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသရှိ Kemerovo မြို့တွင် သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာအဖြစ် ခွင့်ပြုချက်မရှိ ဖွင့်လှစ်အသုံးပြုနေသော အဆောက်အအုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ (၂၂) ဦး သေဆုံးခဲ့သည်။ 

ဒီဇင်ဘာလ (၂၄) ရက် နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့သည့် ထိုအဆောက်အအုံမှာ ဒေသခံ ပရိုတက်စတင့် ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦး ပိုင်ဆိုင်ကြောင်းနှင့် အိုးမဲ့အိမ်မဲ့ သက်ကြီးရွယ်အိုများ ခိုလှုံနေထိုင်သည့်နေရာအဖြစ် ခွင့်ပြုချက်မရှိဘဲ အသုံးပြုထားကြောင်း သိရသည်။

 

ဒီဇင်ဘာလ (၂၄) ရက်နေ့၏ ဒေသစံတော်ချိန် နံနက် (၃) နာရီခွဲဝန်းကျင်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိခဲ့ပြီး မီးသတ်ယာဥ် (၂၈) စီးနှင့် မီးသတ်သမား (၈၀) က မီးငြှိမ်းသတ်ခဲ့သည်။ 

မီးလောင်မှုအတွင်း သေဆုံးခဲ့သူများမှာ ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားသည့် အိုးအိမ်မရှိသူများအတွက် ဂေဟာတွင် နေထိုင်ကြသည့် သက်ကြီးရွယ်အိုများ ဖြစ်ပုံရကြောင်း အရေးပေါ်ဆိုင်ရာဝန်ကြီးဌာန အရာရှိက Interfax သတင်းဌာနကို ပြောသည်။

ကနဦး စစ်ဆေးမှုများအရ လျှပ်စစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတစ်ခုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အာဏာပိုင်များက သံသယရှိထားပြီး အပူပေးကိရိယာ အများအပြားတွင် ဝါယာကြိုးများကို စနစ်တကျ တပ်ဆင်ထားခြင်းမရှိဟု ဆိုသည်။ 

ထို့အပြင် သက်ဆိုင်ရာ စာရွက်စာတမ်း အထောက်အထားမရှိသည့် အဆိုပါ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာတွင် မီးငြှိမ်းသတ်ရန်စနစ်များလည်း တပ်ဆင်မထားကြောင်း သိရသည်။

ပုံမှန်အားဖြင့် ထိုကဲ့သို့သော အဆောက်အအုံများမှာ သက်ဆိုင်ရာ အဖွဲ့အစည်းများထံတွင် တရားဝင် မှတ်ပုံတင်ထားရန် လိုအပ်သည်ဟု ဆိုသည်။ 

ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက ယခုမီးလောင်မှုကို ရာဇဝတ်မှုအဖြစ် အမှုဖွင့် စုံစမ်းစစ်ဆေးနေကြောင်း ထုတ်ပြန်ထားသည်။ 

ထို့အတူ အဆောက်အအုံ၏ ကြီးကြပ်သူဟု ယူဆရသည့်ပုဂ္ဂိုလ်ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး စွဲချက်တင်ထားကြောင်း သိရသည်။

ယခုမီးလောင်မှု ဖြစ်ပွားခဲ့သည့် Kemerovo မြို့မှာ ဆိုက်ဘေးရီးယား တောင်ပိုင်းတွင်ရှိပြီး ၂၀၁၈ ခုနှစ် မတ်လကလည်း ထိုမြို့ရှိ ဈေးဝယ်စင်တာတစ်ခု မီးလောင်မှုအတွင်း ကလေးအများအစု အပါအဝင် လူ (၆၀) ဦး သေဆုံးခဲ့ပြီး အခြား လူ (၈၀) ဒဏ်ရာရခဲ့သည်။ 

ထိုဈေးဝယ်စင်တာမှာ စက်ရုံဟောင်းတစ်ခုကို ဈေးဝယ်စင်တာအဖြစ် ပြောင်းလဲထားခြင်းဖြစ်ပြီး အရေးပေါ်ထွက်ပေါက်များနှင့် မီးငြှိမ်းသတ်ရန်စနစ်များ မရှိမှုကြောင့် လူအများအပြား ပိတ်မိခဲ့ကြကြောင်းနှင့် ဒေသဆိုင်ရာ အစိုးရအရာရှိများကလည်း ဘေးကင်းလုံခြုံမှုဆိုင်ရာ စည်းမျဥ်းချိုးဖောက်မှုများကို လစ်လျူရှုခဲ့ကြကြောင်း စုံစမ်းစစ်ဆေး‌ပေါ်ပေါက်ခဲ့သည်။

Source: RT

video: МЧС России