ကျူးကျော်စစ်ကို လက်မခံနိုင်သည့် မန်ယူက ရုရှား လေကြောင်းလိုင်း၏ စပွန်ဆာကို ပယ်ဖျက်

ကျူးကျော်စစ်ကို လက်မခံနိုင်သည့် မန်ယူက ရုရှား လေကြောင်းလိုင်း၏ စပွန်ဆာကို ပယ်ဖျက်
ဖေဖော်ဝါရီ 25, 2022 | နိုင်ငံတကာသတင်း

ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံအတွင်း ဝင်ရောက်ကာ ကျူးကျော်တိုက်ခိုက်နေသည့်အတွက် စစ်ပွဲများကို အလိုမရှိသည့် မန်ချက်စတာယူနိုက်တက်အသင်းသည် ၎င်းတို့အား စပွန်ဆာပေးထားသည့် စပွန်ဆာများစွာထဲက  ရုရှားလေကြောင်းလိုင်း Aeroflot ၏ စပွန်ဆာကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ကမ္ဘာ့သတင်းမီဒီယာများက ဖော်ပြလာကြသည်။

၂၀၁၃ခုနှစ်ကတည်းက လက်တွဲခဲ့ကြသည့် မန်ချက်စတာယူနိုက်တက် နှင့် Aeroflot ၏ စပွန်ဆာသက်ရောက်မှု စာချုပ်မှာ လာမည့် ဧပြီလတွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်သော်လည်း လက်ရှိ ရုရှားနိုင်ငံ၏ ကျူးကျော်တိုက်ခိုက်မှု အခြေအနေကြောင့် Aeroflot ၏ စပွန်ဆာလုပ်ပိုင်ခွင့်ကို သက်တမ်းတိုးရန် အစီအစဉ် မရှိတော့ကြောင်း မန်ချက်စတာယူနိုက်တက်၏ CEO Richard Arnold  က ပြတ်သားစွာ ပြောဆိုထားခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ(၂၄)ရက်နေ့က စတင်လိုက်သည့် ရုရှား၏ ကျူးကျော်စစ်ကြောင့် ဗြိတိန်နိုင်ငံကလည်း ၎င်းတို့၏ လေပိုင်နက်ကနေ ရုရှားလေကြောင်းလိုင်း Aeroflot ကို ဖေဖော်ဝါရီလ(၂၅)ရက်နေ့ကစပြီး ပိတ်ပင်ထားသည်ဟုလည်း သိရသည်။

 

မန်ယူအသင်းအနေဖြင့် ၎င်းတို့၏ ခရီးစဉ်များနှင့် ပတ်သက်ပြီး ရုရှားလေကြောင်းလိုင်း အသုံးပြုမှုအား ပယ်ဖျက်လိုက်ပြီးနောက် ခရီးစဉ်အသစ်များအတွက် အခြားလေကြောင်းလိုက်၏ စပွန်ဆာ ရယူရန် စဉ်းစားထားပြီဟုလည်း သိရသည်။ 

မန်ချက်စတာယူနိုက်တက်အသင်း၏ စပွန်ဆာ မျိုးစုံ (၅၀)ဝန်းကျင်အနက်  ရုရှားလေကြောင်းလိုင်း Aeroflot သည်လည်း တစ်ခု အပါအဝင် ဖြစ်သည်။

ယူကရိန်းတွင် ရုရှား၏ ကျူးကျော်တိုက်ခိုက်မှု ပထမနေ့ ဖေဖော်ဝါရီလ(၂၄)ရက်နေ့ တစ်နေ့တည်းတွင်  စစ်သားနှင့်ပြည်သူ သေဆုံးသူ (၁၃၇)ဦးရှိပြီး ဒဏ်ရာရရှိသူ (၃၁၆)ဦးရှိကြောင်း ယူကရိန်းသမ္မတက သတင်းထုတ်ပြန်ထားသည်။

Source: Footyheadlines, Mirror , Manutd