တရုတ်နိုင်ငံတွင် တစ်မြို့လုံးကို Lockdown လုပ်မည့်သတင်းကြောင့် အလုအယက် ဈေးဝယ်ကြပြီး ဝရုန်းသုန်းကားဖြစ်

Photo: Weibo, Manya Koetse
Photo: Weibo, Manya Koetse
တရုတ်နိုင်ငံတွင် တစ်မြို့လုံးကို Lockdown လုပ်မည့်သတင်းကြောင့် အလုအယက် ဈေးဝယ်ကြပြီး ဝရုန်းသုန်းကားဖြစ်
စက်တင်ဘာ 4, 2022 | နိုင်ငံတကာသတင်း| Covid-19
By Mr John

တရုတ်နိုင်ငံ စီချွမ်ပြည်နယ် Chengdu မြို့တွင် စက်တင်ဘာလ၏ ပထမပတ်အတွင်း COVID-19 ထိန်းချုပ်ရေးအတွက် တစ်မြို့လုံးကို lockdown လုပ်ထားမည်ဖြစ်ပြီး လူအစုလိုက်အပြုံလိုက် စစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဟု အာဏာပိုင်များက ကြေညာခဲ့ရာ ထိုရက်များအတွက် စားနပ်ရိက္ခာနှင့် နေ့စဥ် အသုံးအဆောင်များကို မြို့ခံများက စိုးရိမ်တကြီး အလုအယက် ဝယ်ယူခဲ့ကြရာ ဝရုန်းသုန်းကား အခြေအနေများ ဖြစ်ပေါ်ခဲ့သည်။

 

Chengdu မြို့တွင် ပြီးခဲ့သည့် (၇) ရက်အတွင်း COVID-19 ကူးစက်မှုအသစ် (၆၆၀) တွေ့ရှိခဲ့ကြောင်းနှင့် တရုတ်ပြည်ပကြီးတစ်ခုလုံးတွင် အသစ်တွေ့ရှိရသည့် ကူးစက်မှုအားလုံး၏ သုံးပုံတစ်ပုံလည်း ဖြစ်သည်။ 

Lockdown လုပ်မည့်သတင်းက တောမီးပမာ ပျံ့နှံ့နေခဲ့ရာ ဩဂုတ်လ (၂၉) ရက်နေ့ကတည်းက Chengdu မြို့ရှိ စူပါမတ်ကက်များတွင် ဈေးဝယ်သူများက စားသောက်ကုန်များ သိုလှောင်ထားရန် အပြေးအလွှား အလုအယက် ဝယ်ယူနေခဲ့ကြသည်။

အာဏာပိုင်များက စိုးရိမ်တကြီး ဝယ်ယူသိုလှောင်ခြင်း မပြုကြရန် သတိပေးခဲ့သော်လည်း စူပါမတ်ကက်များတွင် လူအုပ်စုများ တိုးဝှေ့ဝယ်ယူနေကြသည့် ဝရုန်းသုန်းကား ပုံရိပ်များက WeChat ပေါ်တွင် ပျံ့နှံ့နေခဲ့သည်။

 ဈေးဝယ်သူများက အသား၊ အသီးအရွယ်၊ ကွန်ဒုံးများနှင့် ကြက်အရှင်များကိုပါ အလုအယက် ဝယ်ယူနေခဲ့ကြသည်ဟု ဆိုသည်။

တရုတ်နိုင်ငံတွင် အာဏာရ ကွန်မြူနစ်ပါတီ၏ ယခုနှစ် ညီလာခံမတိုင်မီ အာဏာပိုင်များက COVID-19 ကူးစက်မှုထိန်းချုပ်ရေး နှစ်ဆအရှိန်မြှင့် ဆောင်ရွက်နေရာ ဩဂုတ်လ (၃၀) ရက်နေ့မှစပြီး လူဦးရေထူထပ်သည့် မြို့ကြီးများအပါအဝင် နေရာများကို lockdown ကန့်သတ်ချက်များကို တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရသည်။

 

ထိုသို့ lockdown လုပ်မှုများမှာ အနည်းဆုံး စက်တင်ဘာလဆန်းပိုင်းအထိ ကြာမည်ဟုလည်း ဆိုသည်။

Source: WhatsOnWeibo