တာချီလိတ်မြို့တွင် အသက်အကြီးဆုံးအဖြစ် အသက်(၁၀၁)နှစ်အရွယ် အပါအဝင် Covid-19 ကူးစက်ခံရသူ (၅၈)ဦး ထပ်တိုးတွေ့ရှိ

တာချီလိတ်မြို့တွင် အသက်အကြီးဆုံးအဖြစ် အသက်(၁၀၁)နှစ်အရွယ် အပါအဝင် Covid-19 ကူးစက်ခံရသူ (၅၈)ဦး ထပ်တိုးတွေ့ရှိ
သြဂုတ် 8, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရသူ အသက်အကြီးဆုံးအဖြစ် (၁၀၁)နှစ်အရွယ် တစ်ဦး နှင့် လာအိုနိုင်ငံမှ ပြန်လာသည့် Covid-19 ကူးစက်ခံရသူများ အပါအဝင် ဩဂုတ်လ(၈)ရက်နေ့တွင် Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၅၈)ဦးအထိ ထပ်တိုးတွေ့ရှိကြောင်း သိရသည်။

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်မှ ယနေ့ ဩဂုတ်လ(၈)ရက်နေ့ နံနက်ပိုင်းက ပြန်လာသူ (၂၇၆)ဦးအနက် အမျိုးသား (၂၈) ဦးနှင့် အမျိုးသမီး (၉) ဦး စုစုပေါင်း (၃၇) ဦးတွင် ပိုးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင်း အနေဖြင့် ဆေးရုံဟောင်းနှင့် ဆေးရုံသစ်တို့တွင် စစ်ဆေးချက်အရ အမျိုးသား(၉)ဦး နှင့် အမျိုးသမီး (၁၂)ဦး စုစုပေါင်း (၂၁)ဦး Covid-19 ကူးစက်ခံထားရကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

ယနေ့ Covid-19 ပိုးကူးစက်ခံထားရကြောင်း တွေ့ရသည့် တာချီလိတ်မြို့မှ (၂၁)ဦးတွင်  အသက်(၁၀၁)နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း ပါဝင်သလို အသက်(၇၀)မှ (၇၃)နှစ်အရွယ်အထိ (၃)ဦးလည်း ပါဝင်ကြောင်းနှင့် ယနေ့ ပိုးတွေသူများထဲက (၁၀)ဦးအထက်မှာ ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေပြီး အောက်ဆီဂျင်များ ပေးထားရကြောင်း သိရသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့မှ ယနေ့ ဩဂုတ်လ(၈)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ (၁၇၄၈)ဦးအထိရှိနေပြီး သေဆုံးသူမှာလည်း  အမျိုးသား(၁၂)ဦး နှင့် အမျိုးသမီး(၁၁)ဦး စုစုပေါင်း (၂၃)ဦးအထိ ရှိနေသည်။

Covid-19 ကူးစက်မှု မြှင့်တက်နေသည့် တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိ၍ တာချီလိတ်ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေသူများအနက်  အသက်(၃၁)နှစ်ရွယ် အမျိုးသားတစ်ဦး အပါအဝင် စုစုပေါင်း (၅)ဦး ယနေ့ ဩဂုတ်လ(၈)ရက်နေ့တွင် ထပ်တိုးသေဆုံးသွားကြောင်းလည်း သိရသည်။

Covid-19 ကူးစက်ခံရသူများအနေဖြင့် အရေးပေါ်လူနာက လွဲ၍ သတ်မှတ်ရက် (၁၁)ရက်ပြည့်ပါက Covid-19 စောင့်ကြည့်ကုသဆောင်များကနေ ပြန်ခွင့်ပေးထားသည်မှာလည်း (၈၀၀)ကျော်အထိရှိကြောင်း သိရသည်။