တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိ၍ အသက်(၃၁)နှစ်အရွယ် တစ်ဦး အပါအဝင် တစ်နေ့တည်း (၅)ဦး ထပ်တိုး သေဆုံး

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိ၍ အသက်(၃၁)နှစ်အရွယ် တစ်ဦး အပါအဝင် တစ်နေ့တည်း (၅)ဦး ထပ်တိုး သေဆုံး
သြဂုတ် 8, 2021 | Covid-19| ရှမ်းရှေ့

Covid-19 ကူးစက်မှု မြှင့်တက်နေသည့် တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိ၍ တာချီလိတ်ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေသူများအနက်  အသက်(၃၁)နှစ်ရွယ် အမျိုးသားတစ်ဦး အပါအဝင် စုစုပေါင်း (၅)ဦး ယနေ့ ဩဂုတ်လ(၈)ရက်နေ့တွင် ထပ်တိုးသေဆုံးသွားကြောင်း သိရသည်။

ယနေ့ ဩဂုတ်(၈) နံနက်(၆)နာရီဝန်းကျင်အချိန်က သေဆုံးသွားသူမှာ နှလုံးရောဂါအခံရှိသည့် အသက်(၇၆)နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

ဒုတိယမြောက်တစ်ဦးမှာ အသက်(၅၉)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး မယ်ခေါင်ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း နှင့် တတိယမြောက်သေဆုံးသူမှာ မကာဟိုခမ်းရပ်ကွက်တွင် နေထိုင်သူ  အသက်(၅၂)နှစ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိရသည်။

စတုတ္ထမြောက် သေဆုံးသူမှာ ညပိုင်းတွင် သေဆုံးခြင်းဖြစ်ပြီး တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်တွင် နေထိုင်သူ အသက်(၃၁)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။

ပဥ္စမမြောက် သေဆုံးသူမှာ တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်မှ အသက် (၇၂)နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ယနေ့ ည(၉)နာရီ(၁၀)မိနစ်ဝန်းကျင်အချိန်က ဆေးရုံတွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းများကို တာချီလိတ်နာရေးကူညီမှုအသင်း နှင့် မေတ္တာရှင် သာရေး/နာရေး လူမှုကူညီရေးအသင်းတို့ကာ ကူညီကာ သုဿန်သို့ပို့ဆောင်ပြီး မီးသင်္ဂြိုလ်ပေးကြောင်း သိရသည်။

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံကြောင့် သေဆုံးသူမှာ  ဇူလိုင်လ(၁၉)ရက်နေ့မှ ဩဂုတ်လ(၈)ရက်နေ့အထိ   အမျိုးသား(၁၂)ဦး နှင့် အမျိုးသမီး(၁၁)ဦး စုစုပေါင်း (၂၃)ဦးအထိ ရှိနေသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း ယနေ့ ဩဂုတ်လ(၈)ရက်နေ့အထိ Covid-19 ကူးစက်ခံရသူ (၁၇၀၀)ကျော်အထိ ရှိနေသည်။

#TachileikNewssAgency