တာချီလိတ်မြို့တွင် (၃)ရက်ဆက်တိုက် ဗုံးကွဲပြီးနောက် လူငယ် (၁၀)ဦးအထက်ကို ဖမ်းဆီး စစ်ဆေးနေ

တာချီလိတ်မြို့တွင် (၃)ရက်ဆက်တိုက် ဗုံးကွဲပြီးနောက် လူငယ် (၁၀)ဦးအထက်ကို ဖမ်းဆီး စစ်ဆေးနေ
ဇန်နဝါရီ 12, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ ပြည်နယ်ဝန်ကြီးခရီးစဉ်အပါအဝင် နေရာ (၃)ခုတွင် (၃)ရက်ဆက်တိုက် ဖေါက်ခွဲတိုက်ခိုက်ခံရပြီးနောက် အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲက တာချီလိတ်မြို့တွင်း လှည့်ပတ်ရှာဖွေပြီး ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၂) ရက်နေ့အထိ လူငယ် (၁၀)ဦးကျော်ကို ရိုက်နှက်ဖမ်းဆီးထားသည်ဟု သိရသည်။

ဖမ်းဆီးခံရသူ (၁၀)ဦးထက် မနည်းရှိပြီး Tachileik News Agency က စုံစမ်းသိရှိရသမျှ ကိုသန့်ဇင်ဖြိုး၊ ကိုလင်းကိုအောင်၊ ကိုရှိုင်းသူရအောင်(ခ)နိုင်မင်းကိုကို၊ ကိုဝေလင်းအောင်၊ ကိုမင်းမင်းအောင်၊ ကိုမြင့်မြတ်ထူးအောင် (ခ) ကာဗွန်၊ ကိုသက်ပိုင်စိုး နှင့် ကိုမင်းမြတ်ထွန်းတို့ ပါဝင်သည်ဟု သိရသည်။

ကလေးတွေကို ဖမ်းသွားတာ ဘာမှလည်း သံသယ ဖြစ်စရာမရှိဘူး။ သူတို့ဟာ သူတို့အေးဆေး နေနေကြတဲ့ကလေးတွေ။ တစ်ခုခုဖြစ်တာနဲ့ တွေ့ရာ ထင်ရာလူ ဆွဲဖမ်းတော့တာပဲ။ သူတို့လူကြီးလာတဲ့ခရီးစဉ်မှာ ဖြစ်တာဆိုတော့ အထောင်းခံရလို့နေမှာပေါ့

ဟု တာချီလိတ်မြို့ခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။ 

ယင်းကဲ့သို့ လူငယ်များကို မဖမ်းဆီးမီ ယခင်က ဖမ်းဆီးခံရပြီး လွတ်မြောက်လာသူများကို အာဏာသိမ်းစစ်ကောင်စီ၏ ရဲတပ်ဖွဲ့က ခေါ်စစ်သည်ဟုလည်း သိရသည်။

တာချီလိတ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီခန့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ လက်အောက်ခံ ဝန်ကြီးများ တည်းခိုသည့် ဟိုတယ်အနီးတွင် ဇန်နဝါရီလ (၉) ရက်နေ့က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဇန်နဝါရီလ (၁၀) ရက်နေ့တွင်လည်း ၎င်း၏ အခမ်းအနားလုပ်သည့် အောင်မြတ်ခန်းမ၌ ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါပေါက်ကွဲမှု (၂)ခုအပြင် ဇန်နဝါရီလ (၁၁) ရက်နေ့က မြို့နယ်လဝကရုံးတွင်လည်း ပေါက်ခွဲမှု ဖြစ်ပွားခဲ့ပြီး ဖောက်ခွဲမှု (၃) ခုကို   TCL.KKK.SHN အဖွဲ့က ပြုလုပ်သည်ဟု ဇန်နဝါရီလ (၁၁) ရက်နေ့ နေ့စွဲဖြင့် TCL.KKK.SHN က ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။