တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် (၂၀)ဦး အထက်မနည်း  Covid-19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိ

ပုံအညွှန်း - ခရိုင်/မြို့နယ် ကိုဗစ် ကော်မတီက အေပရွန်များကို ယနေ့ ဩဂုတ်လ(၆)ရက်နေ့တွင် ဝတ်ဆင်ပေးနေစဉ်။
ပုံအညွှန်း - ခရိုင်/မြို့နယ် ကိုဗစ် ကော်မတီက အေပရွန်များကို ယနေ့ ဩဂုတ်လ(၆)ရက်နေ့တွင် ဝတ်ဆင်ပေးနေစဉ်။
တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် (၂၀)ဦး အထက်မနည်း  Covid-19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိ
သြဂုတ် 6, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် မိသားစုဝင် စုစုပေါင်း အနည်းဆုံး (၂၀)ဦး အထက်မနည်း  Covid-19 ကူးစက်ခံထားရကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ယနေ့ ၂၀၂၁ခုနှစ် ဩဂုတ်လ(၆)ရက်နေ့ ညနေပိုင်းက အရေးပေါ် စစ်ဆေးချက်အရ အမှတ်(၁၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ တပ်ဖွဲ့စုမှူး အပါအဝင် ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ၎င်းတို့ မိသားစုဝင်များ အပါအဝင် အနည်းဆုံး (၂၀)ဦး အထက်တွင် Covid-19 ကူးစက်ခံထားရခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

စစ်ဆေးတွေ့ရှိရသည့် (၂၀)ဦးကျော်မှာ  တာချီလိတ်မြို့အနေဖြင့် ယနေ့ ဩဂုတ်လ(၆)ရက်နေ့ တစ်နေ့တာ စစ်ဆေးသည့် (၇၂)ဦး စာရင်းတွင် အပါအဝင် ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ရဲတပ်ဖွဲ့ထံက Covid-19 ပိုးတွေ့ရှိရသူများတွင် တာချီလိတ်ခရိုင်/မြို့နယ်နှင့်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်အချို့ Covid-19 ကူးစက်ခံရမှုရှိသော်လည်း စခန်းတွင် စစ်ဆေးပြီး ပိုးတွေသည့်အခါ ထိန်ချန်ထားသည့်အတွက် အရေအတွက်ကို မသိရနိုင်သော်လည်း သီးခြားအနေဖြင့်  သတင်းရဲတပ်ဖွဲ့(SB)၊ လေကြောင်းရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့တို့မှလည်း အနည်းဆုံး ကူးစက်ခံရမှုများရှိခဲ့ကြောင်းလည်း သတင်းရင်းမြစ်များထံက သိရသည်။

ယနေ့ ဩဂုတ်လ(၆)ရက်နေ့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ  Covid-19 ပိုး ရှိမရှိ စစ်ဆေးမှုများ မပြုလုပ်မီအချိန်က  တာချီလိတ်ခရိုင် Covid-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးကော်မတီ ဥက္ကဌ ဦးမြင့်နိုင်၊ ခရိုင်လဝကမှူး ဦးဦးသွင်၊ မြိုနယ် Covid-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးကော်မတီ ဥက္ကဌ ဦးတင်ဦးကျော်၊ မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဌ ဦးမြင့်သိန်းတို့က ယာဉ်ထိန်းရဲတပ်ဖွဲ့များကို အေပရွန်များ ပေးအပ်ခြင်းအဖြစ် အနီးကပ်ဝတ်ဆင်ပေးသည့် မှတ်တမ်းပုံရိုက်ခဲ့ကြသည်ကိုလည်း တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ Page တွင် ဖော်ပြထားချက်အရ တွေ့ရသည်။

ယာဉ်ထိန်းရဲများတွင် Covid-19 တွေ့ရှိခဲ့ပြီးနောက် အေပရွန်များ ဝတ်ဆင်ရာတွင် အနီးကပ်ရှိခဲ့သည့် အဆိုပါ ကော်မတီဝင်များအနေဖြင့်  Covid-19 သတ်မှတ်ချက်များနှင့်အညီ အသွားအလာ ကန့်သတ်ခြင်း (၁၁)ရက် နေထိုင်ခြင်းကို လိုက်နာမည် ဟုတ် မဟုတ်ကိုတော့ မသိရသေးပါ။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့မှ ဇူလိုင်လ(၆)ရက်နေ့ ညနေပိုင်းအထိ Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၁,၆၇၄)ဦး အထိရှိနေရာ သေဆုံးသူမှာ အမျိုးသား(၁၀)ဦး နှင့် အမျိုးသမီး(၇)ဦး စုစုပေါင်း (၁၇)ဦးအထိ  ရှိနေပြီး ပိုးတွေ့၍ သတ်မှတ်ရက် (၁၁)ရက်ပြည့်ပြီး နေအိမ်ပြန်ခွင့်ရရှိသွားသူမှာ (၈၀၀)ကျော်အထိ ရှိကြောင်း သိရသည်။ 



ဓါတ်ပုံ - တာချီလိတ်ခရိုင်ထွေအုပ်