တာချီလိတ်ရှိ မြန်မာ-ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားတွင် ဇန်နဝါရီ ၁ ရက်နေ့၌ ဖြတ်သန်းသွားလာခွင့် နှစ်နာရီကြာ ပိတ်ထားမည်

တာချီလိတ်ရှိ မြန်မာ-ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားတွင် ဇန်နဝါရီ ၁ ရက်နေ့၌ ဖြတ်သန်းသွားလာခွင့် နှစ်နာရီကြာ ပိတ်ထားမည်
ဒီဇင်ဘာ 30, 2019
By Tachileik News Agency

တာချီလိတ်ရှိ ချစ်ကြည်ရေးအမှတ်(၁)တံတားတွင် ဇန်နဝါရီ (၁)ရက်နေ့၌  မြန်မာ - ထိုင်းနိုင်ငံ စုပေါင်း ဆွမ်းဆန်စိမ်းလောင်းလှူမည်ဖြစ်၍ ဖြတ်သန်းသွားလာခွင့်အား နံနက်ပိုင်း နှစ်နာရီကြာ ပိတ်ထားမည်

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်မှ အဝိုင်းပတ်အထိ နှစ်သစ်ကူး စုပေါင်းအလှူအဖြစ် တာချီလိတ် - မယ်ဆိုင် ပူးပေါင်းကာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ (၁) ရက်နေ့ နံနက်ပိုင်း၌ ဆွမ်းဆန်စိမ်းလောင်းလှူမည် ဖြစ်သည့်အတွက်  နံနက် (၇)နာရီမှ (၉)နာရီအထိ အချိန်(၂)နာရီ ဝန်းကျင်အကြာ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားမည် ဖြစ်ကြောင်း သိရသည်။

"မနက် (၇) နာရီလောက်မှာ တံတားပေါ်ကို ထိုင်းနဲ့မြန်မာသံဃာတော်တွေ ဆွမ်းခံကြွမှာပါ။ ဒီဆွမ်းဆန်စိမ်း လောင်းချိန် ခန့်မှန်းကြာချိန် (၂) နာရီလောက်ကို ယာဉ်ကြောတွေ ခေတ္တရပ်တန့်ထားမှာပါ။ ပြည်သူတွေအနေနဲ့ နှစ်စဉ်အတိုင်းပဲ ကိုယ်လောင်းလှူမယ့် ပစ္စည်းတွေနဲ့ ခုံတွေယူလာပြီး တံတားပေါ်ကနေ အဝိုင်းပတ် တစ်ပတ်လုံးနဲ့ ပြန်အထွက်ထိ မြန်မာဘက်ခြမ်းကနေ လောင်းလှူလို့ရပါတယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နှစ်နိုင်ငံ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မယ်ဆိုင်မြို့နှင့် တာချီလိတ်မြို့မှ သံဃာတော် အပါး (၃၅၀)က မယ်ဆိုင်မြို့၊ လွိုင်ဘောင်းမှတဆင့် စတင်ကြွချီပြီး မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားကို ဖြတ်သန်းကာ တာချီလိတ်မြို့ အဝိုင်းပတ်မှတစ်ဆင့် မယ်ဆိုင်မြို့ဘက်သို့ ပြန်လည်ကြွရောက်မည်ဖြစ်ကြောင်း သိရသည်။

နှစ်သစ်ကူးဆွမ်းဆန်စိမ်းလောင်းလှူပွဲအတွက် မယ်ဆိုင်မြို့မှာတာဝန်ရှိသူများက တာချီလိတ်မြို့မှ တာဝန်ရှိသူများကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ (၂၄) ရက်နေ့တွင် အလွတ်သဘော လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံမှ သံဃာတော်များ ပင့်ဆောင်ရေး၊ တံတားပေါ်တွင် ယာဉ်များယာယီဖြတ်သန်းခွင့်ပိတ်ပင်ရန်စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~