လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်မှ ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်ပြီး မြန်မာလုပ်သားများ လုံခြုံရေး စိုးရိမ်နေ

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်မှ ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်ပြီး မြန်မာလုပ်သားများ လုံခြုံရေး စိုးရိမ်နေ

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန် လုပ်ကိုင်ခွင့်ရ တရုတ်ကုမ္ပဏီထံ အဆင်မပြေမှုများ ဖြေရှင်းပေးရေး ၂၀၂၁ ခုနှစ် ဩဂုတ်လ (၆) ရက်နေ့တွင် ဆန္ဒပြတောင်းဆိုထားသည့် မြန်မာလုပ်သားများမှာ လုံခြုံရေးအတွက် စိုးရိမ်နေကြကြောင်း သိရသည်။

မြန်မာတွေကို တစ်ခုခုလုပ်မှာ ကြောက်ရပါတယ်။ မြန်မာဘက်က လူကြီးတွေ လာပေးရင် ကောင်းပါတယ်။

ဟု မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လာအို ရွှေတြိဂံအထူးစီးပွားရေးဇုန်ရှိ (၆)ထပ်တိုက် Quarantine Center တွင် နံနက်ပိုင်း ထမင်းပို့ချိန် နောက်ကျကြောင်းပြောသည့် မြန်မာလုပ်သားကို ကုမ္ပဏီဘက်မှ လူဖြစ်သည့် မြန်မာနိုင်ငံသားတစ်ဦးက စတင်ရိုက်နှက်ရာမှ စင်တာရှိ မြန်မာလုပ်သားများက ဆန္ဒထုတ်ဖေါ်ကြရာ အထူးစီးပွားရေးဇုန်ရှိ အခက်အခဲကြုံနေရသည့် မြန်မာများ စုပေါင်းဆန္ဒထုတ်ဖေါ်ခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒထုတ်ဖေါ်သည့် မြန်မာလုပ်သားများမှာ ကုမ္ပဏီဘက်မှ ခန့်ထားသည့် အုပ်ချုပ်ရေးအဖွဲ့များက အန္တရာယ်ပြုမည်ကို စိုးရိမ်နေကြကြောင်းလည်း သိရသည်။

ရွာအုပ်ချုပ်ရေးမှူး နိုင်လင်းနဲ့ အားဝေက အဆိုးဆုံးပဲ။ နိုင်လင်းက မြန်မာရွာအုပ်ချုပ်ရေးမှူး၊ အားဝေက သူ့အထက်က ကုမ္ပဏီ စကားပြန်။ နှစ်ယောက်လုံးက မြန်မာနိုင်ငံသားတွေ။ သူတို့ကို ကြောက်နေရတာ။ ပြောတဲ့စကား မတည်၊ တာဝန်မယူတဲ့သူတွေပါ။ သူတို့နှစ်ယောက်က အဓိက အာဏာပြင်းနေတာ။ သူတို့နှစ်ယောက် တပည့်တွေကလည်း မြှောက်ကြွားကြွားနဲ့ ဟောက်စားတွေချည်းပဲ။ ကိုယ်ထိလက်ရောက် ရိုက်တာတွေ ကန်တာတွေလည်း လုပ်တယ်။ လာအိုရဲတွေနဲ့ ခြောက်တယ်။ သူတို့က လိုင်းပေါ်တင်ပြီး သူတို့အကြောင်း မပြောနဲ့။ ပြောရင် အကောင့်ပိုင်ရှင်ကို လိုက်ရှာပြီး ရိုက်တာတွေ အရင်ကလည်း ရှိဖူးတယ်

ဟု မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဩဂုတ်လ(၆)ရက်နေ့ ညနေပိုင်းက ပြောသည်။

 

ယခင်ကလည်း ရခိုင်ရွာ (မြန်မာရွာ)အတွက် အုပ်ချုပ်ရေးမှူးရွေးချယ်ရေးနှင့်ပတ်သက်ပြီး မြန်မာလုပ်သားများက ဆန္ဒထုတ်ဖေါ်တောင်းဆိုခဲ့ကြရာတွင် ကုမ္ပဏီက ခန့်ထားသည့် အုပ်ချုပ်ရေးအဖွဲ့က မြန်မာလုပ်သားတစ်ဦးကို ဦးဆောင်သူဟု ဆိုကာ ရွာပြင်သို့ နှင်ထုတ်ခဲ့ဖူးသည်။

အထူးစီးပွားရေးဇုန်တွင် မြန်မာလုပ်သားများ နေထိုင်ရာနေရာကို လပေါင်းများစွာ Lockdown ချထား၍ အလုပ်လုပ်ခွင့်မရကြဘဲ စားဝတ်နေထိုင်ရေးအခက်အခဲဖြစ်နေ၍ နေရပ်ပြန်ခွင့်တောင်းထားသော်လည်း ပြန်ခွင့်မရကြဘဲ ဖြစ်နေကြသည့်အပြင် ကုမ္ပဏီက COVID 19 သံသယရှိသည်ဟုဆိုကာ ထောင်ပေါင်းများစွာကို Quarantine Center များသို့ လပေါင်းများစွာ ပို့ထားခံရပြီး အခက်အခဲမျိုးစုံကြုံနေကြရခြင်းဖြစ်ကြောင်း သိရသည်။



#TachileikNewsAgency