လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန် တွင် ရက်လ ရှည်ကြာ Quarantine ပို့ခံရသူများနှင့် နေရာရွှေ့ပြောင်းခံရသူ မြန်မာများက ကုမ္ပဏီကို ဆန္ဒပြပြီး မူလနေရာသို့ ပြန်လည်ရွှေ့ပြောင်း

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန် တွင် ရက်လ ရှည်ကြာ Quarantine ပို့ခံရသူများနှင့် နေရာရွှေ့ပြောင်းခံရသူ မြန်မာများက ကုမ္ပဏီကို ဆန္ဒပြပြီး မူလနေရာသို့ ပြန်လည်ရွှေ့ပြောင်း

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန် လုပ်ကိုင်ခွင့်ရ တရုတ်ကုမ္ပဏီက မြန်မာလုပ်သားများကို Quarantine Center များသို့ လပေါင်းများစွာ ပို့ထားသည့်အပြင် နေအိမ်ခန်းများကို အတင်းအကျပ် နေရာရွှေ့ပြောင်းခိုင်းခြင်းများ လုပ်ဆောင်ခဲ့သည့်အတွက် ၂၀၂၁ ခုနှစ် ဩဂုတ်လ (၆) ရက်နေ့တွင် ကုမ္ပဏီအား ဆန္ဒဖေါ်ထုတ်ပြီး မူလနေရာသို့ ပြန်လည်ရွှေ့ပြောင်းနေကြပြီဖြစ်ကြောင်း သိရသည်။

မနက်က (၆)ထပ်တိုက် Quarantine Center မှာ ထမင်းလာပို့တာ နောက်ကျနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး မြန်မာတစ်ယောက် အရိုက်ခံရလို့ ဆန္ဒပြကြတယ်။ အဲဒီမှာ မြန်မာတွေကလည်း Q Center ကလူတွေနဲ့ သွားပူးပေါင်းအားဖြည့်ပေးကြတယ်။ အခုတော့ စင်တာကလူတွေရော၊ ဈေးတန်းရော၊ တောင်ခြေရော Q တွေ အကုန်လုံးရော ဖော့ဆောင်ကလူတွေရော ရွာထဲပြန်ဝင်နေကြပြီ

ဟု မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာလုပ်သားများအားထားရှိသည့် (၆) ထပ်တိုက်၊ တောင်ခြေနှင့် ဈေးတန်း Quarantine Center များမှ လူထောင်ပေါင်းများစွာမှာ  လူအများအပြားစုပြုံထားသဖြင့် တစ်ကိုယ်ရေသန့်ရှင်းရေး၊ နေထိုင်ရေးအခက်အခဲများအပြင် အစားသောက်လုံလောက်စွာမရခြင်း၊ တစ်နေ့လျှင် နှစ်နပ်ကျွေးသည်ကို အချိန်မှန် အစားအသောက်မရခြင်းတို့ကို (၃) လနီးပါးကြုံတွေ့နေကြရခြင်းဖြစ်ကြောင်း သိရသည်။

အစားအသောက်က ဂေါ်ဖီပြုတ်နဲ့ကျွေးတယ်။ မနက်စာကို ကြက်ဥ (၂) လုံးပဲ ပေးတယ်။ ထမင်းကို နေ့လယ် (၁) နာရီလောက်မှ (၁)နာရီခွဲလောက်မှ လာပို့ကြတယ်။ အဲဒါ မနက်က ထမင်းလာပို့တဲ့ကားက ထမင်းလာယူကြဆိုပြီးခေါ်တော့ အောက်ဆင်းသွားကြတယ်။ အဲဒါ ထမင်းကို အချိန်မှန် မပို့လို့ ပြောတာကို မင်းတို့က ငတ်နေကြတာလားလို့ ပြောတဲ့အပြင် ပြောလည်းပြော ဝင်လည်းရိုက်တာ။ အဲဒီတော့ မြန်မာတွေက ပြန်ရိုက်တာပေါ့။ အဲဒီမှာ လာအိုရဲတွေလည်း အကုန်ပြေး။ Q မှာ နှစ်လ၊ သုံးလနေရပြီး ကောင်းကောင်းမစားရတဲ့သူတွေလည်း သူ့ထက်ငါ ထွက်လာပြီး ဒီတိုင်းတော့မနေဘူး ဆန္ဒပြပြီး ရွာထဲပြန်ကြမယ်ဆိုပြီး ပြန်ကြတာ။ အဲဒီမှာ တခြားနေရာက မြန်မာတွေလည်း ငါတို့ညီညွတ်ရမယ်ဆိုပြီး အကုန်သွားပေါင်းကြတာ။ အခုအကုန်လုံး ရွာထဲပြန်လာနေကြပြီ။

ဟု မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

COVID 19 ဖြစ်ပွားမှုအခြေအနေကို သတင်းထုတ်ပြန်ထားခြင်း မရှိသည့် ရွှေတြိဂံအထူးစီးပွားရေးဇုန် ကုမ္ပဏီက မြန်မာရွှေ့ပြောင်းလုပ်သားများကို လွန်ခဲ့သည့် (၃)လကျော်ကတည်းက မိသားစုများ တကွဲတပြား Quarantine Center သို့ပို့ဆောင်နေခြင်းဖြစ်ပြီး ရခိုင်ရွာ(မြန်မာရွာ)အတွင်း ကျန်ခဲ့သူများကိုလည်း ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ဖော့ဆောင်ဟုခေါ်သည့်နေရာသို့ အတင်းအကျပ်ရွှေ့ပြောင်းခိုင်းထားခြင်းဖြစ်သည်။

 

ရခိုင်ရွာမှ ရွှေ့ပြောင်းစဉ် Quarantine Center ရောက်နေသူများ၊ လုပ်ငန်းခွင်များတွင်ရှိနေသူများ၏ ပစ္စည်းများ ယူဆောင်ခွင့်မရကြဘဲ နောင်တွင်ယူဆောင်နိုင်ရန် ကုမ္ပဏီဘက်က စီစဉ်ပေးမည်ဟုဆိုကာ ထားခဲ့ကြရပြီး လူမရှိသည့်အိမ်များ ဖေါက်ထွင်းခံရမှုများလည်း ဖြစ်နေကြောင်း သိရသည်။

လာအိုရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် အခက်အခဲဖြစ်နေ၍ နေရပ်ပြန်ခွင့်ရရန် တင်ပြထားသူများမှာလည်း လပေါင်းများစွာ စောင့်ဆိုင်းပြီးနောက် ဇူလိုင် (၃၀) ရက်နေ့မှစ၍ အသုတ်လိုက်ခွဲ၍ မြန်မာဘက်က လက်ခံပေးနေသော်လည်း နေရပ်ပြန်ရန် စောင့်ဆိုင်းနေသူထောင်နှင့်ချီ၍ ကျန်ရှိနေဆဲဖြစ်သည်။