အစ္စရေးတပ်ဖွဲ့၏ စီးနင်းတိုက်ခိုက်မှုအတွင်း Al Jazeera သတင်းထောက် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွား

Photo: REUTERS/Mohamad Torokman
Photo: REUTERS/Mohamad Torokman
အစ္စရေးတပ်ဖွဲ့၏ စီးနင်းတိုက်ခိုက်မှုအတွင်း Al Jazeera သတင်းထောက် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွား
By Mr John

အစ္စရေးလုံခြုံရေးတပ်ဖွဲ့များ အနောက်ဘက်ကမ်းမြို့တော် ဂျနင်ကို စီးနင်းတိုက်ခိုက်သည့် အခြေအနေအား  သတင်းရယူတင်ဆက်နေသည့် Al Jazeera သတင်းဌာန၏ သတင်းထောက်အမျိုးသမီးတစ်ဦး သေနတ်ထိမှန် သေဆုံးသွားကြောင်း သိရသည်။ 

အသက် (၅၁) နှစ်အရွယ် အမျိုးသမီးသတင်းထောက် Shereen Abu Aqleh ကို အစ္စရေးစစ်သားတွေက တမင်ရည်ရွယ်ပြီး သွေးအေးအေးဖြင့် ပစ်သတ်ခဲ့သည်ဟု ကာတာနိုင်ငံအခြေစိုက် Al Jazeera သတင်းဌာနက ပြောကြားလိုက်ပြီး အစ္စရေးဘက်က အဆိုပါ စွပ်စွဲချက်ကို ငြင်းဆိုထားသည့်အပြင် အပြန်အလှန်ပစ်ခတ်မှုအတွင်း ပါလက်စတိုင်းဘက်က ပစ်ခတ်မှု ထိမှန်ခြင်းလည်းဖြစ်နိုင်သည်ဟု ဆိုထားသည်။

အဆိုပါ ဖြစ်ရပ်အတွင်း အခြားသတင်းထောက်တစ်ဦးလည်း ပစ်ခတ်ဒဏ်ရာရသွားသည်ဟု သိရသည်။

သတင်းသမား သေဆုံးရသည့်ဖြစ်ရပ်မှာ ဝမ်းနည်းစရာဖြစ်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Yair Lapid က ပြောကြားလိုက်ပြီး ပါလက်စတိုင်းအာဏာပိုင်များကိုလည်း ပူးတွဲစုံစမ်းစစ်ဆေးရေး လုပ်ဆောင်ရန် ကမ်းလှမ်းထားသည်။



 

"ပဋိပက္ခဇုန်တွေထဲမှာ သတင်းထောက်တွေကို ကာကွယ်ပေးရပါမယ်။ အမှန်တရားကို သိရှိရဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်" ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ကာတာနိုင်ငံခြားရေးဝန်ကြီး Lolwah al-Khater ၏ ပြောကြားမှုအရ သတင်းထောက် Shereen Abu Aqleh မှာ သတင်းမီဒီယာအမှတ်အသားပါ အင်္ကျီနှင့် ဦးထုပ်ဆောင်းထားလျက် မျက်နှာကို အပစ်ခံခဲ့ရကြောင်း သိရသည်။

 

ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက Al Jazeera သတင်းထောက် Shereen Abu Aqleh သေဆုံးကြောင်း အတည်ပြုခဲ့ပြီး ပစ်ခတ်ခံရပြီးနောက် အရေးပေါ်အခြေအနေဖြင့် ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့ကြောင်း ပြောသည်။

သတင်းထောက် Shereen Abu Aqleh က Al Jazeera ၏ အာရပ်ဘာသာသတင်းဌာနတွင် အရေးပါထင်ရှားသူတစ်ဦးဖြစ်ပြီး အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကို (၁၅) နှစ်ကြာ သတင်းရယူတင်ဆက်နေခဲ့သူလည်း ဖြစ်သည်။ 

သူမက အလွန်လေးစားစရာကောင်းသည့် သတင်းထောက်ဖြစ်ကြောင်းနှင့် ယခုသတင်းက သူမနှင့်အတူ အလုပ်လုပ်နေသူတွေအတွက် ထိတ်လန့်တုန်လှုပ်စရာဖြစ်ကြောင်း Al Jazeera သတင်းထောက် Nida Ibrahim က ပြောသည်။

လတ်တလော သီတင်းပတ်များအတွင်း အစ္စရေးတွင် အစ္စရေးနိုင်ငံသား အာရပ်များနှင့် ပါလက်စတိုင်းတို့၏ တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေခဲ့ပြီး အစ္စရေး (၁၇) ဦးနှင့် ယူကရိန်း (၂) ဦး သေဆုံးခဲ့သည်။ 

ထို့အတူ တိုက်ခိုက်မှုလုပ်ဆောင်စဥ် ပစ်သတ်ခံရသည့် ရန်ပြုတိုက်ခိုက်သူများ သို့မဟုတ် အနောက်ဘက်ကမ်းတွင် ထိပ်တိုက်တွေ့မှုများနှင့် အစ္စရေး စီးနင်းမှုများအတွင်း သေဆုံးခဲ့သည့် စစ်သွေးကြွများနှင့် အရပ်သားများ အပါအဝင် ပါလက်စတိုင်း (၂၆) ဦး သေဆုံးခဲ့ကြောင်းလည်း သိရသည်။

Source: BBC, Reuters

Photo: REUTERS/Mohamad Torokman