ယူကရိန်းသမ္မတနှင့် တိုက်ရိုက်ဆွေးနွေးရန် ရုရှားသမ္မတပူတင်ကို ပြင်သစ်နှင့် ဂျာမနီ တိုက်တွန်း

ယူကရိန်းသမ္မတနှင့် တိုက်ရိုက်ဆွေးနွေးရန် ရုရှားသမ္မတပူတင်ကို ပြင်သစ်နှင့် ဂျာမနီ တိုက်တွန်း
By Mr John

ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးနှင့် တိုက်ရိုက် ညှိနှိုင်းဆွေးနွေးရန် ပြင်သစ်နှင့် ဂျာမနီ နိုင်ငံခေါင်းဆောင်များက တိုက်တွန်းလိုက်ကြောင်း သိရသည်။

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နှင့် ဂျာမန်အဓိပတိ အိုလက်ဖ်ရှိုးဇ်တို့က ပူတင်နှင့် မိနစ် (၈၀) ကြာ ဖုန်းဆက်သွယ်ပြောဆိုခဲ့ကြရာတွင် အပစ်အခတ် ချက်ချင်းရပ်စဲပြီး ရုရှားတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာရန် အခိုင်အမာ တောင်းဆိုခဲ့သည်ဟု ဂျာမန်အဓိပတိရုံးက ပြောသည်။

ပူတင်က ယူကရိန်းနှင့် ဆွေးနွေးမှုများ ပြန်လည်စတင်ရန် တံခါးဖွင့်ထားကြောင်း ပြောခဲ့သည်ဟု ရုရှားသမ္မတနန်းတော် ကရင်မလင်က ထုတ်ပြန်ချက်အရ သိရှိရသော်လည်း ပူတင်နှင့် ယူကရိန်းသမ္မတဇီလန်းစကီးတို့ကြား တိုက်ရိုက်ဆွေးနွေးမှု ဖြစ်နိုင်ခြေကိုမူ ဖေါ်ပြထားခြင်းမရှိသည်ကို တွေ့ရသည်။ 

ဆွေးနွေးမှုများလုပ်ရန် စိတ်အားထက်သန်းခြင်းမရှိကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက အစောပိုင်းတွင် ပြောခဲ့သော်လည်း ပဋိပက္ခကို အဆုံးသတ်ရန် ဆွေးနွေးမှုများ လိုအပ်လာနိုင်ဖွယ်ရှိကြောင်းကို ဖြည့်စွက်ပြောခဲ့သည်ကို တွေ့ရသည်။

ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့တွင် ရုရှားက ကျူးကျော်ခဲ့ပြီးနောက်ပိုင်း ရုရှားနှင့် ယူကရိန်း ကိုယ်စားလှယ်များကြား ဆွေးနွေးမှုများ လုပ်ခဲ့ကြသော်လည်း စစ်ပွဲကိုအဆုံးသတ်ရန် အားထုတ်ကြိုးပမ်းမှုများမှာ တိုးတက်မှုမရှိဘဲ ရပ်တန့်နေခဲ့သည်။

 ရုရှားသမ္မတပူတင်နှင့် မိနစ် (၈၀) ကြာ ဖုန်းပြောမှုအတွင်း မာရီယူပိုးမြို့ရှိ Azovstal သံမဏိစက်ရုံမှ စစ်အကျဥ်းသားများအဖြစ် ခေါ်ဆောင်သွားသည့် ယူကရိန်းတိုက်ခိုက်ရေးသမား (၂,၅၀၀) ကို ပြန်လွှတ်ပေးရန်လည်း ပြင်သစ်နှင့် ဂျာမနီတို့က တိုက်တွန်းခဲ့ကြသည်ဟု သိရသည်။

ယူကရိန်းဆိပ်ကမ်း Odesa ကို ပြန်ဖွင့်ပေးပြီး ဂျုံတင်ပို့မှုများ လုပ်ဆောင်ခွင့်ပြုရန်လည်း ပြင်သစ်နှင့် ဂျာမနီတို့က ရုရှားသမ္မတပူတင်ကို တောင်းဆိုခဲ့ကြသည်သည်ဟု ဆိုသည်။

ရုရှားသမ္မတပူတင်က ထိုဆိပ်ကမ်းပြန်ဖွင့်ရန်ကိစ္စနှင့် ပတ်သက်ပြီး ကမ္ဘာ့တဝန်း စားနပ်ရိက္ခာအကျပ်အတည်း ဖြေရှင်းရေးတွင် ကူညီရန်အသင့်ရှိသည်ဟု ဆိုလိုက်သော်လည်း အနောက်အုပ်စုက ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းရမည်ဟု ဆိုသည်။

 ပြင်သစ်နှင့် ဂျာမနီက ယူကရိန်းကို လက်နက်အထောက်အပံ့များ တိုးမြှင့်ပေးနေခြင်းကိုလည်း ရုရှားက သတိပေးခဲ့ပြီး ထိုလုပ်ရပ်က မတည်မငြိမ်ဖြစ်မှု ပိုတိုးလာနိုင်ကြောင်း ပြောခဲ့သည်။

လက်ရှိတွင် ရုရှားက ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသကို အပြည့်အဝ သိမ်းပိုက်ထိန်းချုပ်ရန် အကြီးအကျယ် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ယူကရိန်းထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်သည့် နိုင်ငံအရှေ့ပိုင်းအစွန်ဆုံးမှ Severodonetsk မြို့၏ လမ်းမများပေါ်တွင် တိုက်ပွဲများဖြစ်ပွားနေသည်။ 

ဒွန်ဘတ်စ်ဒေသရှိ Luhansk နယ်မြေတွင် ရုရှားက အကြီးအကျယ် တိုက်ခိုက်နေပြီး နယ်မြေ၏ပတ်ပတ်လည် သုံးပုံနှစ်ပုံကို ရုရှားတပ်ဖွဲ့တွေက ဝိုင်းထားကြောင်း မေလ (၂၇) ရက်နေ့တွင် ယူကရိန်းဘက်က ပြောခဲ့သည်။

Source: BBC