တရုတ်တွင် ပြင်းထန်သည့် အပူလှိုင်းကြောင့် လျှပ်စစ်ဓာတ်အား လုံလောက်ရန် ရုန်းကန်နေရပြီး မွေးမြူရေးနှင့် စိုက်ပျိုးရေးကို ထိခိုက်နေ

တရုတ်တွင် ပြင်းထန်သည့် အပူလှိုင်းကြောင့် လျှပ်စစ်ဓာတ်အား လုံလောက်ရန် ရုန်းကန်နေရပြီး မွေးမြူရေးနှင့် စိုက်ပျိုးရေးကို ထိခိုက်နေ
By Mr John

 တရုတ်နိုင်ငံ တောင်ပိုင်းနှင့် အရှေ့ပိုင်း နေရာဒေသများတွင် ဇွန်လတစ်လျှောက် အပူလှိုင်းများ ဆက်လက်ရှိနေမည်ဖြစ်ပြီး ရှန်ဟိုင်းနှင့် ရှင်ဇန်းကဲ့သို့ မြို့ကြီးများတွင် နေအိမ်များ၊ ရုံးခန်းများနှင့် စက်ရုံများက လေအေးပေးစက်များ အချိန်ပြည့်ဖွင့်ထားကြရာ လျှပ်စစ်ဓာတ်အားသုံးစွဲမှု အလွန်အမင်း မြင့်တက်နေပြီး ဓာတ်အားလုံလောက်မှုရှိရန် ရုန်းကန်နေရကြောင်း သိရသည်။

တရုတ်တောင်ပိုင်း နေရာဒေသ အများစုတွင် လာမည့် (၃) ရက်အတွင်း အပူချိန်များ (၃၅) ဒီဂရီဆဲလ်စီးယပ် (၉၅ ဒီဂရီဖာရင်ဟိုက်) ကို ကျော်လွန်နေမည်ဟု ခန့်မှန်ထားပြီး အချို့နေရာများတွင် အပူချိန်များ (၄၀) ဒီဂရီဆဲလ်စီးယပ်ကို ကျော်လွန်ရောက်ရှိနိုင်ကြောင်း တရုတ်မိုးလေဝသပညာရှင်များက ၂၀၂၃ခုနှစ် ဇွန်လ (၂) ရက်နေ့တွင် ပြောသည်။

လတ်တလော သီတင်းပတ်များအတွင်း အာရှတိုက်၏ နေရာအများအပြားကဲ့သို့ပင် တရုတ်နိုင်ငံတွင် နွေရာသီ မရောက်သေးသော်လည်း အလွန်ပူပြင်းသည့် ရာသီဥတုအခြေအနေကို ကြုံတွေ့နေခဲ့ရသည်။ 

တရုတ်တောင်ပိုင်း ရှင်ဇန်းမြို့တွင် ဇွန်လ (၂) ရက်နေ့က အပူချိန် (၃၃) ဒီဂရီဆဲလ်စီးယပ်သို့ ရောက်ရှိခဲ့သည်။ 

ရှင်ဇန်း၏ နေရာအချို့တွင် ယခုသီတင်းပတ်အစပိုင်း၌ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရသည်။ 

သို့သော် လူဦးရေ (၁၇) သန်းကျော်ရှိသည့် ထိုမြို့တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံတွေ့ခဲ့ရသည့် အိမ်ထောင်စု အရေအတွက်မှာ (၂,၀၀၀) အောက်ဖြစ်ကြောင်း တရုတ်မီဒီယာက ဆိုသည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင်မူ မေလ (၂၉) ရက်နေ့က နှစ်ပေါင်း (၁၀၀) ကျော်အတွင်း အမြင့်ဆုံး မေလအပူချိန် စံချိန်သစ်တင်ခဲ့ပြီး အပူချိန် (၃၆.၁) ဒီဂရီဆဲလ်စီးယပ်သို့ ရောက်ရှိခဲ့သည်။ 

တရုတ်တွင် အပူချိန်များ စံချိန်တင် မြင့်တက်မှုနှင့် မိုးသည်းထန်မှုများကြောင့် မွေးမြူရေးတိရိစ္ဆာန်များ သေဆုံးမှုနှင့် ကောက်ပဲသီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံးများရှိခဲ့ပြီး စားနပ်ရိက္ခာဖူလုံမှုအတွက် စိုးရိမ်ပူပန်နေကြောင်း CNN သတင်းက ဖော်ပြသည်။

တရုတ်တွင် အပူချိန်များ မြင့်တက်မှုကြောင့် ဝက်များ၊ ယုန်များနှင့် ငါးများ သေဆုံးနေကြပြီး နိုင်ငံအလယ်ပိုင်းတွင်မူ ဆယ်စုနှစ်တစ်ခုအတွင်း မိုးအသည်းထန်ဆုံး ရွာသွန်းမှုကြောင့် ဂျုံစိုက်ခင်းများ ရေကြီးနစ်မြုပ်ခဲ့သည်ဟု CNN က ဆိုသည်။ 

ထိုအတောအတွင်း လာမည့်လများတွင် မိုးခေါင်မှုကြောင့် တရုတ်နိုင်ငံ၏ စပါးစိုက်ပျိုးရာ အဓိက နေရာဖြစ်သည့် ယန်ဇီမြစ်ဝှမ်းဒေသကို ထိခိုက်မှုရှိနိုင်ကြောင်း အစိုးရတာဝန်ရှိသူများက စိုးရိမ်ပူပန်နေကြသည်။

၂၀၂၃ ခုနှစ် မတ်လနောက်ပိုင်း တရုတ်နိုင်ငံ၏ မြို့ပေါင်း တစ်ဒါဇင်ကျော်တွင် အပူချိန်များ စံချိန်တင် မြင့်တက်မှု ကြုံနေခဲ့ရသည်။ 

တရုတ်တွင် အပူလှိုင်းကျရောက်မှုမှာ ယခု ရက်ပိုင်းအတွင်း ပိုမိုပြင်းထန်လာခဲ့ပြီး ယူနန်နှင့် စီချွမ်ပြည်နယ်တို့ရှိ မြို့အများအပြားတွင် အပူချိန်များ (၄၀) ဒီဂရီဆဲလ်စီးယပ်အထက်သို့ စံချိန်တင် မြင့်တက်ခဲ့ကြောင်း သိရသည်။

 

Source: Reuters, CNN