မလေးရှားနိုင်ငံတွင် လွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ပြီး ယခုနှစ်အတွင်း ရွေးကောက်ပွဲ ပြုလုပ်မည်

မလေးရှားနိုင်ငံတွင် လွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ပြီး ယခုနှစ်အတွင်း ရွေးကောက်ပွဲ ပြုလုပ်မည်
အောက်တိုဘာ 11, 2022 | နိုင်ငံတကာသတင်း
By Mr John

 မလေးရှားနိုင်ငံတွင် ဝန်ကြီးချုပ် အစ္စမေးလ်ဆာဘရီယာကွတ်ဘ်က လွှတ်တော်ကို ဖျက်သိမ်းလိုက်ကြောင်း အောက်တိုဘာလ (၁၀) ရက်တွင် ကြေညာလိုက်ပြီဖြစ်ရာ ယခုနှစ်မကုန်မီ ရွေးကောက်ပွဲများ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ 

ရွေးကောက်ပွဲရက်ကို ရွေးကောက်ပွဲကော်မရှင်က ကြေညာလိမ့်မည်ဟု မလေးရှားဝန်ကြီးချုပ်က ရုပ်မြင်သံကြားမိန့်ခွန်းတွင် ပြောသည်။

အောက်တိုဘာလ (၉) ရက် မွန်းလွဲပိုင်းတွင် ဘုရင်နှင့်တွေ့ဆုံခဲ့ပြီး လွှတ်တော်ဖျက်သိမ်းခွင့်ပြုရန် တင်ပြခဲ့ကြောင်းနှင့် ဘုရင်က သဘောတူခွင့်ပြုခဲ့ကြောင်း ဝန်ကြီးချုပ်အစ္စမေးလ်ဆာဘရီက ဆိုသည်။ 

မလေးရှားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ဖျက်သိမ်းပြီး ရက် (၆၀) အတွင်း ရွေးကောက်ပွဲ ပြုလုပ်ရမည်ဖြစ်ရာ လာမည့် ဒီဇင်ဘာလ (၉) ရက်မှာ ရွေးကောက်ပွဲရက် ဖြစ်လာနိုင်သည်။

ဝန်ကြီးချုပ်ကမူ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကိုယ်စားလှယ်လောင်းစာရင်းတင်သွင်းရန်၊ မဲပေးရန်နှင့် အခြား ဆက်စပ်ကိစ္စရပ်များအတွက် သတ်မှတ်ရက်များကို ရွေးကောက်ပွဲကော်မရှင်က ကြေညာလိမ့်မည်ဟု ပြောသည်။

 ဝန်ကြီးချုပ်အစ္စမေးလ်ဆာဘရီက လွှတ်တော်ဖျက်သိမ်းကြောင်း ကြေညာခဲ့ပြီး‌နောက် မကြာမီတွင် မလေးရှားဘုရင့်နန်းတော်က ဘုရင်အနေဖြင့် လွှတ်တော်ဖျက်သိမ်းရန် ဝန်ကြီးချုပ်၏ တောင်းဆိုမှုကို သဘောတူခွင့်ပြုရန်ကလွဲပြီး ရွေးချယ်စရာမရှိခဲ့ဟု ထုတ်ပြန်သည်။

မလေးရှားဘုရင့်နန်းတော် Royal Household of Istana Negara အုပ်ချုပ်ရေးမှူး Ahmad Fadil Shamsuddin ၏ အဆိုအရ ဘုရင်က နိုင်ငံ၏ လက်ရှိ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများကို စိတ်ပျက်ခဲ့ကြောင်း သိရသည်။ 

"ဘုရင်က လက်ရှိ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေအပေါ် သူ့ရဲ့စိတ်ပျက်မှုကို ပြောခဲ့ပြီး ဝန်ကြီးချုပ်ရဲ့ လွှတ်တော်ဖျက်သိမ်းပြီး တည်ငြိမ်တဲ့ အစိုးရတစ်ရပ်အတွက် ပြည်သူ့ထံ လုပ်ပိုင်ခွင့်ပြန်ပေးဖို့ တောင်းဆိုမှုကို သဘောတူခွင့်ပြုဖို့ကလွဲပြီး ရွေးချယ်စရာမရှိခဲ့ဘူး"ဟု ၎င်းက ပြောသည်။

မလေးရှားတွင် ပုံမှန်အားဖြင့် ရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ ကျင်းပပြုလုပ်ရန် မရှိခဲ့သော်လည်း ဝန်ကြီးချုပ်အစ္စမေးလ်ဆာဘရီမှာ ၎င်း၏ အာဏာရညွှန့်ပေါင်းအုပ်စုအတွင်း ရွေးကောက်ပွဲ စောပြီးပြုလုပ်ရန် သဘောထားကွဲလွဲမှုအချို့ကြောင့် ဖိအားများ ရင်ဆိုင်နေခဲ့ရသည်။ 

စက်တင်ဘာလ (၃၀) ရက်တွင် မလေးရှားနိုင်ငံရေးပါတီကြီး United Malays National Organisation (UMNO) ၏ အမြင့်ဆုံးကောင်စီက လွှတ်တော်ကို ဖျက်သိမ်းရမည်ဖြစ်ပြီး သို့မှသာ (၁၅) ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲကို ယခုနှစ်အတွင်း ကျင်းပပြုလုပ်နိုင်မည်ဟု ဆုံးဖြတ်ခဲ့သည်။

Source: CNA, Reuters