ICJ တွင် တရားရင်ဆိုင်နေသည့် မြန်မာနိုင်ငံ ကိုယ်စားပြုအဖွဲ့ကို မုံရွာမြို့လူထုနှင့်အတူ တက္ကသိုလ်ဝန်ထမ်းများ အားပေးဝန်းရံICJ တွင် တရားရင်ဆိုင်နေသည့် မြန်မာနိုင်ငံ ကိုယ်စားပြုအဖွဲ့ကို မုံရွာမြို့လူထုနှင့်အတူ တက္ကသိုလ်ဝန်ထမ်းများ အားပေးဝန်းရံ

ICJ တွင် တရားရင်ဆိုင်နေသည့် မြန်မာနိုင်ငံ ကိုယ်စားပြုအဖွဲ့ကို မုံရွာမြို့လူထုနှင့်အတူ တက္ကသိုလ်ဝန်ထမ်းများ အားပေးဝန်းရံICJ တွင် တရားရင်ဆိုင်နေသည့် မြန်မာနိုင်ငံ ကိုယ်စားပြုအဖွဲ့ကို မုံရွာမြို့လူထုနှင့်အတူ တက္ကသိုလ်ဝန်ထမ်းများ အားပေးဝန်းရံ
ဒီဇင်ဘာ 10, 2019
By Tachileik News Agency

 ICJ တွင် မြန်မာနိုင်ငံအား တရားစွဲဆိုခံထားရမှုကို သွားရောက်ရင်ဆိုင်နေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို မုံရွာမြို့လူထုနှင့် အတူ မုံရွာတက္ကသိုလ်မှဝန်ထမ်းများ ပူးပေါင်း၍ အားပေးဝန်းရံမှုကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့ နံနက်ပိုင်းတွင် ပြသကြသည်။

“ဒါက ဆန္ဒပြတာ မဟုတ်ဘူး။ ဆန္ဒထုတ်ဖေါ်တာ မဟုတ်ဘူး။ နိုင်ငံကိုယ်စားပြု သွားရောက်နေတာကို နိုင်ငံသားတွေ အနေနဲ့ အားပေးဝန်းရံတာပဲဖြစ်တယ်။ ဘာကြွေးကြော်သံမှ မအော်ကြဘူး။ မနက်ပိုင်းမှာ မြို့တော်ခန်းမရှေ့မှာ လူစုကြပြီး နိုင်ငံတော်သီချင်းကို (၂)ကြိမ် သီဆိုကြတယ်။ ပြီးတော့ အားပေးဝန်းရံကြောင်း ဆိုင်းဘုတ်လေးတွေနဲ့အတူ စီတန်းလမ်းလျှောက်ကြတယ်”ဟု မုံရွာတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ ကထိက ဒေါ်အေးအေးမြတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို အားပေး ဝန်းရံကြသည့် မုံရွာလူထုနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သည့်အဖွဲ့က We Stand With Our State Counsellor ၊ အမေစုနှင့်အတူ ဆိုသည့် စာသားများပါသည့် ဆိုင်းဘုတ်များနှင့် နိုင်ငံတော်အလံများ ကိုင်ဆောင်ကာ ကြွေးကြော်သံများမပါဘဲ စီတန်းလှည့်လည်ခဲ့ကြခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင်း လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်များကို ဖြေရှင်းရန်ပျက်ကွက်မှုဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့က တရားစွဲဆိုလိုက်ခြင်းဖြစ်ပြီး ဂမ်ဘီယာနိုင်ငံနှင့်အတူ ကနေဒါနှင့် နယ်သာလန်နိုင်ငံတို့ကလည်း ပူးပေါင်းပါဝင်ကြမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုချက်ကို တုန့်ပြန်ရန်အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဦးဆောင်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေရုံးချုပ်နှင့် စစ်ဥပဒေပညာရှင်များပါဝင်သည့် နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာအထူးအဖွဲ့(SUICJ) ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၂၆)ရက်နေ့တွင် မြန်မာအစိုးရက ဖွဲ့စည်းဆောင်ရွက်နေခြင်းဖြစ်သည်။

ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုချက်ကို ဖြေရှင်းရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့တွင် ရောက်ရှိနေပြီဖြစ်ပြီး ကိုယ်စားလှယ်အဖွဲ့တွင် တပ်မတော်မှ ပါဝင်ခြင်းမရှိသော်လည်း တပ်မတော်ဘက်မှ လိုအပ်သည့်ပံ့ပိုးမှုများကို ပြည်တွင်းမှနေ၍ ဆက်သွယ်ဆောင်ရွက်ပေးသွားမည်ဟု ဘီဘီစီသို့ ပြောကြားထားသည်ကိုလည်း တွေ့ရသည်။

မြန်မာနိုင်ငံအား တရားစွဲဆိုထားသည့်အမှုကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့မှ ဒီဇင်ဘာလ (၁၂) ရက်နေ့အထိ စစ်ဆေးမည်ဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - Monywa Gazette, YMO

ဆက်စပ်သတင်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~