Writen by
TNA
10:21:00 AM
-
0
Comments
ဂမ်ဘီယာက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုခြင်းအား မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သွားရောက်ဖြေရှင်းမည့် ဆုံးဖြတ်ချက်နှင့် တပ်မတော်က ပူးပေါင်းဆောင်ရွက်မည့် ကိစ္စအပေါ် မြန်မာမွတ်စလင်အမျိုးသားရေးရာအဖွဲ့ချုပ်က ကြိုဆိုထောက်ခံကြောင်း ထုတ်ပြန်လိုက်သည်။
မြန်မာမွတ်စလင်အမျိုးသားရေးရာအဖွဲ့ချုပ်က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွား၊ နိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်ရန်နှင့် တရားရုံးစွဲဆိုခြင်းနှင့် ပတ်သက်၍ အရေးကိစ္စရပ်အားလုံးကို ထိထိရောက်ရောက် ပြန်လည်တုံပြန်ဖြေရှင်းရန်အတွက် စိတ်အားထက်သန်စွာဖြင့် နိုင်ငံတော်၏ ကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်၍ သွားရောက်မည်ဖြစ်ပြီး တပ်မတော်ကလည်း ပူးပေါင်းဆောင်ရွက်မည့်ကိစ္စကို ကြိုဆိုထောက်ခံပါသည်ဟု ဖေါ်ပြထားသည်ကို တွေ့ရသည်။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုချက်ကို တုန့်ပြန်ရန်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးစီးဆောင်ရွက်မည်ဖြစ်ကြောင်း ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့က သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာကိစ္စများကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာအထူးအဖွဲ့(SUICJ)ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၂၆)ရက်နေ့တွင် ဖွဲ့စည်းဆောင်ရွက်နေခြင်းဖြစ်သည်။
နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာအထူးအဖွဲ့( Special Unit on International Criminal Justice ) ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဦးဆောင်မည်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေရုံးချုပ်နှင့် စစ်ဥပဒေပညာရှင်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စနှင့်ပတ်သက်၍ ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအား တရားစွဲဆိုထားသည့်အမှုကို နယ်သာလန်နိုင်ငံ၊ The Hague မြို့၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့မှ ဒီဇင်ဘာလ (၁၂) ရက်နေ့အထိ စစ်ဆေးမည်ဖြစ်သည်။
Tachileik News Agency
ဆက်စပ်သတင်း
No comments
Post a Comment
Note: Only a member of this blog may post a comment.