နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့သို့ ထွက်ခွာ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့သို့ ထွက်ခွာ
ဒီဇင်ဘာ 8, 2019
By Tachileik News Agency

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တရားစွဲဆိုလျှောက်ထားမှုကို တုံ့ပြန်ရန်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့ နံနက်က နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့သို့ ထွက်ခွာသွားပြီဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်အဖွဲ့သည် နေပြည်တော်မှ နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့သို့ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားခြင်းဖြစ်သည်။

ဂမ်ဘီယာနိုင်ငံက ကြားဖြတ်စီမံဆောင်ရွက်ချက် (Provisional Measures) ချမှတ်ပေးရန် လျှောက်ထားချက်နှင့် ပတ်သက်၍ နှစ်ဖက်စလုံးက နှုတ်ဖြင့်လျှောက်လဲ တင်သွင်းခြင်းများကို အပြည်ပြည်ဆိုင်ရာတရားရုံး၌ ဒီဇင်ဘာ (၁၀) ရက်၊ (၁၁) ရက် နှင့် (၁၂) ရက်တို့တွင် ပြုလုပ်သွားမည်ဖြစ်ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေဖြင့် အဆိုပါ တရားရုံးတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို ဦးဆောင်ကာကွယ်ပြောကြားသွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အဖွဲ့ဝင်များအဖြစ် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ တာဝန်ရှိသူများ လိုက်ပါသွားကြကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုချက်ကို တုန့်ပြန်ရန်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးစီးဆောင်ရွက်မည်ဖြစ်ကြောင်း ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့က သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာကိစ္စများကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာအထူးအဖွဲ့ (SUICJ)ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၂၆)ရက်နေ့တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာအထူးအဖွဲ့ (Special Unit on International Criminal Justice ) ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဦးဆောင်မည်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေရုံးချုပ်နှင့် စစ်ဥပဒေပညာရှင်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စနှင့်ပတ်သက်၍ ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

ဓါတ်ပုံ - Myanmar State Counsellor Office

ဆက်စပ်သတင်း



~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~