တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအတွင်း မြန်မာ၊ရှမ်း၊အင်္ဂလိပ် သုံးဘာသာဖြင့်  မြို့ဝင်မုဒ်ဦးကို ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ တည်ဆောက်ရန် စီစဉ်

တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအတွင်း မြန်မာ၊ရှမ်း၊အင်္ဂလိပ် သုံးဘာသာဖြင့်  မြို့ဝင်မုဒ်ဦးကို ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ တည်ဆောက်ရန် စီစဉ်
ဇန်နဝါရီ 19, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ပန်ဟတ်ကျေးရွာအနီး တာချီလိတ် - ကျိုင်းတုံသွားလမ်းပေါ်တွင် ရှမ်းရိုးရာမုဒ်ဦး တည်ဆောက်ရန်အတွက် တာချီလိတ်မြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ စီစဉ်နေသည်။

  မြို့ဝင်ဆိုင်းဘုတ်ပြုလုပ်မည့်နေရာအား ပန္နက်ရိုက်အုတ်မြစ်ချနေစဉ်

ရှမ်းစာရယ်၊ မြန်မာစာရယ်၊ အင်္ဂလိပ်စာရယ် ဘာသာ (၃) ဘာသာနဲ့ရေးမှာပေါ့။ ဆိုင်းဘုတ်ရဲ့ သင်္ကေတကတော့ ရှမ်းအိုးစည်ရယ်၊ လင်ကွင်းရယ်၊ မောင်းရယ်၊ ရှမ်းပြည်ရဲ့အငွေ့အသက်ပေါ့။ ဆိုင်းဘုတ်ရဲ့အပေါ်မှာတော့ တိုးနယားရုပ်ထုပေါ့။ ကိန္ဒရီ၊ ကိန္ဒယာရုပ်ပါမယ်

ဟု တာချီလိတ်မြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ ဦးစိုင်းမိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းရိုးရာမုဒ်ဦးအတွက် အလျားပေ (၂၀)၊ အနံ (၁၀) ပေနှင့် အမြင့်ကို တွက်ချက်နေပြီး မုဒ်ဦးတည်ဆောက်ပြီးစီးသွားပါကလည်း ဘေးပတ်လည်တွင် အလှပန်းပင်များစိုက်ပျိုးသွားမည်ဖြစ်ပြီး အမှတ်တရဓာတ်ပုံရိုက်ကူးနိုင်ရန်အတွက် ကား၊ ဆိုင်ကယ် ရပ်နားရန်နေရာများကိုလည်း ထည့်သွင်းပေးသွားမည်ဖြစ်သည်။

မြို့ဝင်ဆိုင်းဘုတ်ထားမည့်နေရာတွင် တရားနာနေစဉ်

ရှမ်းရိုးရာမုဒ်ဦး တည်ဆောက်နိုင်ရန်အတွက်  တာချီလိတ်မြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ မတည်ငွေ ထိုင်းဘတ်ငွေ (၁၀၀,၀၀၀) နှင့် အများပြည်သူများ၏ ထည့်ဝင်ငွေ ထိုင်းဘတ်ငွေ (၄၀,၀၀၀) ခန့်ရရှိထားပြီး အလှူငွေများထည့်ဝင်လိုသူများအနေဖြင့် ဖုန်း ၀၉ ၅၂၄၁၈၁၄၊ ၀၉ ၂၅၀၂၆၂၁၅၁ သို့ ဆက်သွယ်လှူဒါန်းနိုင်သည်။

 

Tachileik News Agency

သတင်း - ချယ်ရီထိုက်

ဓါတ်ပုံ - TYO Tachileik  

  
 

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။