တာချီလိတ်ရှိ နှစ်နိုင်ငံချစ်ကြည်ရေးတံတား မြန်မာဘက်ခြမ်းတွင် လုံခြုံရေးစနစ်မြှင့်တင်နေစဉ် အချိန်အတိုင်းအတာတစ်ခုအတွင်း ထိုင်းနိုင်ငံသားများ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်၏ မိတ္တူ ယူဆောင်လာရန် နှစ်နိုင်ငံ ဌာနချင်း ညှိနှိုင်းထား

တာချီလိတ်ရှိ နှစ်နိုင်ငံချစ်ကြည်ရေးတံတား မြန်မာဘက်ခြမ်းတွင် လုံခြုံရေးစနစ်မြှင့်တင်နေစဉ် အချိန်အတိုင်းအတာတစ်ခုအတွင်း ထိုင်းနိုင်ငံသားများ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်၏ မိတ္တူ ယူဆောင်လာရန် နှစ်နိုင်ငံ ဌာနချင်း ညှိနှိုင်းထား
နိုဝင်ဘာ 6, 2019
By Tachileik News Agency
တာချီလိတ်ရှိ နှစ်နိုင်ငံချစ်ကြည်ရေးတံတား မြန်မာဘက်ခြမ်းတွင် လုံခြုံရေးစနစ်မြှင့်တင်နေစဉ် အချိန်အတိုင်းအတာတစ်ခုအတွင်း ထိုင်းနိုင်ငံသားများ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်၏ မိတ္တူ ယူဆောင်လာရန် နှစ်နိုင်ငံ ဌာနချင်း ညှိနှိုင်းထား

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး တံတားအမှတ်(၁)၏ မြန်မာ ဘက်ခြမ်းတွင် လုံခြုံရေးစနစ်မြှင့်တင်ရန် စက်များ တပ်ဆင်နေစဉ်အချိန် အတိုင်းအတာအတွင်း ထိုင်းနိုင်ငံသားများ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် မိတ္တူ ယူဆောင်လာပေးရန် နှစ်နိုင်ငံဌာနချင်း ချိတ်ဆက်ညှိနှိုင်းသဘောတူထားကြောင်း သိရသည်။

နှစ်နိုင်ငံ အဝင်အထွက်များတွင် လူ့ခန္ဓာကိုယ်အား မှတ်တမ်းယူသည့်စနစ် ( Biometric Enrollment System ) ဖြင့် ပြောင်းလဲအသုံးပြုရန် မြန်မာနိုင်ငံဘက်ခြမ်းတွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့ကစပြီး စက်ပစ္စည်းတပ်ဆင်မှုများ ဆောင်ရွက်နေချိန်အတွင်း လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ပုံမှန်အတိုင်း လည်ပတ်နိုင်စေရေးအတွက် ယင်းကဲ့သို့ညှိနှိုင်းဆောင်ရွက်ထားခြင်းဖြစ်သည်ဟု သိရသည်။

ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံသို့ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် ( Border Pass ) နှင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(Temporary Border Pass) ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသားများအနဖြေင့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့မှစတင်ကာ BP၊ TBP လက်မှတ်များ၏ မိတ္တူ ယူဆောင်လာရန်အတွက် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနသို့ ၂၀၁၉ ခုနှစ် နိုဝင်ဘာ (၅)ရက်နေ့ရက်စွဲဖြင့် မြန်မာဘက်က ပေးပို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ ရှင်းပြထားပါတယ်။ ကျွန်တော်တို့ဘက်မှာ ဆာဗာကြိုးတွေက မတပ်ရသေးဘူး။ နိုင်ငံခြားသား ဝင်လာရင် အချက်အလက်ကို မသိရဘူး။ မိတ္တူ (၂) စောင်ယူလာပါ။ ဝင်လာတဲ့သူတွေကို သူတို့အချက်အလက်ကို မေးလို့ အဆင်မပြေလို့ သူတို့ဘက်ကိုညှိနှိုင်းတာ။ ကြိုးတွေက မတပ်ရသေးတော့ ကွန်ပျူတာထဲကို ထည့်လို့ မရသေးဘူး။ သူတို့ စာရွက်တွေကို ဓာတ်ပုံရိုက်ပြီး ကွန်ပျူတာထဲ သိမ်းထားမှာ။ ဆာဗာတွေတပ်ပြီးရင် မလိုအပ်တော့တဲ့အတွက် ထပ်မတောင်းတော့ဘူး။ ထိုင်းလဝကနဲ့ညှိနှိုင်းပြီး ဆောင်ရွက်ထားတာပေါ့"ဟု တာချီလိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလ(၆)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မှ မယ်ဆိုင်ဘက်သို့ ဖြတ်သန်းသွားလာသူများအား နယ်စပ်ဖြတ်သန်းခွင့်ထုတ်ပေးခြင်းကို လက်ဗွေ စနစ်ဖြင့် အချက်အလက်မှတ်တမ်းတင်ခြင်းကို ဆောင်ရွက်ခဲ့ပြီးနောက် အဝင်အထွက်များတွင် လူ့ခန္ဓာကိုယ်အား မှတ်တမ်းယူသည့်စနစ် ( ( Biometric Enrollment System ) )ဖြင့် မှတ်တမ်းယူသည့်စနစ်ကို ပြောင်းလဲရန် ပြင်ဆင်နခြေင်းဖြစ်သည်။

မြန်မာ - ထိုင်းနှစ်နိုင်ငံ ဖြတ်သန်းသွားလာနေသည့် ချစ်ကြည်ရေးတံတားမှ နှစ်နိုင်ငံ တရားခံပြေးများ ဖြတ်သန်းသွားလာမှုကို တားမြစ်နိုင်ရန်အတွက် ယင်းကဲ့သို့ လုံခြုံရေးစနစ် တိုးမြှင့်ခြင်းကို ဆောင်ရွက်လာခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံဘက်ကလည်း နယ်စပ်ဖြတ်သန်းသည့်လက်မှတ်များ လုံခြုံရေးအဆင့် မြှင့်တင်မှုအဖြစ် တစ်နိုင်ငံလုံး ဆာဗာချိတ်ဆက်ပြီး အချက်အလက်ရယူသည့်စနစ်ကို ဇူလိုင်လ (၆)ရက်နေ့က ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

ဆက်စပ်သတင်းတာချီလိတ်မြို့ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ် နယ်စပ်အဝင်အထွက်တွင် လူ့ခန္ဓာကိုယ် မှတ်တမ်းယူသည့် စနစ်ဖြင့် ဆောင်ရွက်တော့မည်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net