တာချီလိတ်မြို့တွင် အကြမ်းဖက်စစ်တပ်နှင့် စစ်ကောင်စီ ထောက်ခံပွဲအတွင်း ဖောက်ခွဲ ပစ်ခတ်မှုကြောင့် (၂)ဦးသေကာ စစ်သား(၁)ဦးနှင့် စစ်မှူထမ်းဟောင်းများ အပါအဝင် (၃၅)ဦးကျော် ဒဏ်ရာရ

တာချီလိတ်မြို့တွင် အကြမ်းဖက်စစ်တပ်နှင့် စစ်ကောင်စီ ထောက်ခံပွဲအတွင်း ဖောက်ခွဲ ပစ်ခတ်မှုကြောင့် (၂)ဦးသေကာ စစ်သား(၁)ဦးနှင့် စစ်မှူထမ်းဟောင်းများ အပါအဝင် (၃၅)ဦးကျော် ဒဏ်ရာရ
ဖေဖော်ဝါရီ 1, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင်  စစ်တပ်နှင့်ကြံ့ဖွံ့ပါတီတို့ နောက်ကွယ်က စီစဉ်သည်ဟု သတင်းထွက်ပေါ်နေသည့်  အကြမ်းဖက်စစ်တပ်နှင့် စစ်ကောင်စီ ထောက်ခံပွဲအတွင်း ဗုံးကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီ လက်အောက်ခံများ၏ လိုက်လံပစ်ခတ်မှုကြောင့် ထောက်ခံပွဲတွင် ပါဝင်သူ (၂)ဦးသေဆုံးပြီး ပစ်ခတ် ဗုံးကွဲခြင်းကြောင့် စစ်မှူထမ်းဟောင်းများ အပါအဝင်   (၃၅)ဦးကျော် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။ 

သေဆုံးသူ(၂)ဦးမှာ အမျိုးသားများဖြစ်ကြပြီး မြင်တွေ့ရသူများ၏ ပြောပြချက်အရ သေဆုံးသူများမှာ ပြည်သူဟန်ဆောင်ထားသည့် စစ်သားများလည်း ဖြစ်နိုင်သလို ထောက်ခံပွဲသို့ ဖိအားပေးမှုကြောင့် လိုက်ပါခဲ့ရသူထဲကလည်း ဖြစ်နိုင်သည်ဟု ဆိုသည်။

ဆန္ဒပြပွဲတစ်လျှောက်မှာ အရပ်ဝတ်နဲ့ သေနတ်ကို ပေါ်ပေါ်ထင်ထင် ကိုင်ပြီး ဘေးကနေ ဝန်းရံနေတဲ့ စစ်သားလိုလို ရဲလိုလို ပြည်သူ့စစ်(စစ်တပ်လက်အောက်ခံ)လိုလိုတွေလည်း ဒီနေ့မှာ တွေ့ရတယ်။ မနေ့ကတော့ ကျောပိုးအိတ်တွေနဲ့ပဲ၊ ပေါက်ကွဲမှု ဖြစ်တော့ ရမ်းသမ်းပစ်တော့ ထိသွားတာတွေလည်းပါတယ်

ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ဒဏ်ရာရရှိသူများအနက် (၅)ဦးဝန်းကျင်မှာ ပြင်းထန်ပြီး စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေကြောင်း နှင့် ဒဏ်ရာရရှိသူများမှာ ထောက်ခံပွဲတွင် ပါဝင်သူများသာ ဖြစ်ကြပြီး ၎င်းတို့သည် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ဒဏ်ရာရသူတွေထဲမှာတော့  (၅၇၁)တပ်က တပ်သားတစ်ယောက် ဒဏ်ရာရတယ်။ စစ်မှူထမ်းဟောင်းအနေနဲ့ဆိုရင် အရာခံဗိုလ်တစ်ဦး နဲ့ ၃၃၁ တပ် ဝန်း နဲ့ စရဖဝန်းထဲမှာ နေပြီး ထောက်ခံပွဲ လာတဲ့သူတချို့လည်း ဒဏ်ရာရတဲ့အထဲ ပါတယ်၊ အခုတော့ မြို့တွင်း ပိတ်ဆို့နေတယ်

ဟု အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

ပြည်သူများ နေအိမ်ပြင်ပမထွက်ခြင်း တိတ်ဆိတ်သပိတ်ပြုလုပ်နေသည့် ဖေဖော်ဝါရီလ(၁)ရက်နေ့ တာချီလိတ်မြို့တွင်  အကြမ်းဖက်စစ်တပ်နှင့် စစ်ကောင်စီ ထောက်ခံပွဲကို ဇန်နဝါရီလ(၃၀)ရက်နေ့မှ ယနေ့ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် ပြုလုပ်ရာတွင် မြို့ပေါ်အနေဖြင့် စစ်မှူထမ်းဟောင်းများကို ခေါ်ယူထားပြီး မြို့နှင့်အလှမ်းဝေးသည့် ကျေးရွာများမှ အာခါ နှင့် လားဟူတိုင်းရင်းသားများကို ငွေကြေးများပေး၍ ခေါ်ထားသည်ဟု သိရသည်။

တပ်ထောက်ခံပွဲအတွက် တစ်အိမ်တစ်ယောက် မလိုက်မနေရတဲ့၊ အကပါ ကျင့်ထားတဲ့၊ ကော်ဖီရယ် မုန့်ရယ် ဘတ်(၁၀၀)ရယ်ပေးမယ်ဆိုပြီး ရွာတွေဘက်မှာ မနေ့က ပြောလာတယ်

ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့က ပြုလုပ်သည်ကို မသိရသေးသော်လည်း စစ်ကောင်စီ လက်အောက်ခံ စစ်တပ်နှင့်ရဲတို့က ရိုက်နှက်ဖမ်းဆီးမှုများ နှင့် စုံစမ်းမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။